ထားဝယ် ဇွန် ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Busဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည် ငှားရမ်းပေး လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံးဝင်းအတွင်းရှိ ဝန်ထမ်းများနှင့်မိသားစုဝင်များအား သုတ/ရသ စာအုပ် စာစောင်များငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သမဝါယမဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်မိသား စုဝင်များ အားငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသစာအုပ် စာစောင်များငှားရမ်းပေးခဲ့ရာ တာဝန်ရှိသူများကကူညီဆောင်ရွက်ပေးခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆို လာရောက်အခမဲ့ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။
ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့်အသိပညာဗဟုသုတ များစွာရရှိမည့် သုတ/ရသစာအုပ် စာစောင်များ (၃၅၀)အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သောစာအုပ်များကို (၃)ရက်လျှင် တစ်ကြိမ်လဲလှယ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)