ပွင့်ဖြူမြို့နယ်၌ ဌာနဆိုင်ရာများ စုပေါင်းပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ ဇွန်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းအင်္ဂါရပ်နှင့်အညီ ကျောင်းဥပဓိရုပ် ကောင်းမွန်ပြီး သန့်ရှင်းသာယာလှပစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာဆည်းပူးသင်ကြားနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့ အလယ်ပိုင်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဆရာ၊ ဆရာမများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းအား ကျောင်းဥပဓိရုပ် ကောင်းမွန်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းဝန်းအတွင်း/အပြင်ရှိ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ကောက်ယူရှင်းလင်းခြင်း၊ တံမြက်စည်းလှဲခြင်းလုပ်ငန်းများကို အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ ဂုဏဝတီဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းဝန်း အတွင်း/အပြင်အား ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ မြို့ပြနှင့်ကျေးလက်ဒေသတစ်ခွင် သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ လျော့နည်းပပျောက်စေရေးနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ယခုကဲ့သို့ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဆေးရုံများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများသို့ သွားရောက်ပြီး အပတ်စဉ်(စနေနေ့တိုင်း) စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )