ကျုံပျော် ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက် အမှတ်(၂)အခြေခံပညာ မူလတန်းကျောင်းဝင်းအတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနားကို ဇွန် ၉ ရက် နံနက် ၉ နာရီအချိန်က အဆိုပါကျောင်း ဆောင်သစ်ရှေ့တွင် ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းဆောင်သစ်အား ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး ဟိန်းမောင်မြင့်၊ အဖွဲ့ဝင်(၂) ဦးရန်နိုင်ဝင်း၊ အတွင်းရေးမှူး ဒုရဲမှူးကြီး ခင်မောင်လွင်နှင့် ခရိုင်ပညာရေးမှူး ဦးကျော်ဇင်သန်းတို့က ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျောင်းဆောင်သစ်သစ်ဖွင့်လှစ်နိုင်ခြင်းအတွက် ဝမ်းမြောက် စကား ပြောကြားပြီး၊ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုကာ ကျောင်းစာကြည့်တိုက်တွင် ကလေးများ စာပေဖတ်ရှုနေမှုကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။
အဆိုပါကျောင်းဆောင်သစ်သည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (တည်ဆောက်ရေးရန်ပုံငွေ)၊ ကျပ်သိန်း (၈၀၀)ဖြင့် တည်ဆောက်ခဲ့ပြီး၊ ပေ(၆၀×၃၀) RC တစ်ထပ် အဆောက်အဦဖြစ်ကာ စာသင်ခန်း (၃)ခန်း ပါဝင်ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)