စားသုံးသူပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်

ပွင့်ဖြူ ဇွန် ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူ စားသုံးရာ၌ အစားအစာ ဘေးကင်းလုံခြုံစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းမင်းသူထွန်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ ကျေးလက်စည်ပင်သာယာဈေးသို့ သွားရောက်ပြီး အခြေခံစားသောက်ကုန်ပစ္စည်းများအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ကွင်းဆင်းပြုလုပ်ခဲ့ကြသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းမင်းသူထွန်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ကျန်းမားရေးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဈေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ ကျေးလက်စည်ပင်သာယာဈေးရှိ အခြေခံစားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များမှ လုပ်ငန်းရှင်များကို တွေ့ဆုံကာ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာ၌ စားသုံးသူပြည်သူလူထု အစားအစာဘေးကင်းလုံခြုံစေရေးအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ရောင်းချခြင်းမပြုရန်တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းမပြုရန်၊ ရောင်းချသည့်စားကုန်ပစ္စည်းအမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်တံဆိပ်နှင့် ထုတ်လုပ်သည့် နေ့ရက်/သက်တမ်းကုန်ဆုံးရက်စွဲ ဖော်ပြပါရှိရေး အလေးထားလိုက်နာဆောင်ရွက်ရန်၊ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ရာ၌ တာရှည်ခံသောဓာတုဆိုးဆေးများ သုံးစွဲထုတ်လုပ်ခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေများကို အသိပညာပေးဆွေးနွေး ပြောကြားပြီး ဈေးဆိုင်များအလိုက် အခြေခံစားကုန်ပစ္စည်းများတွင် ကျန်းမာရေးဆိုးကျိုးဖြစ်စေသည့် ဓာတုဆေးဝါးပစ္စည်းပါဝင်ရောနှောထားခြင်း ရှိ/မရှိ Mobile Lab Van ဖြင့် ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းရှိပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရန်နှင့် အခြေခံစားကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ ကျန်းမာရေးနှင့်ညီညွတ်စွာ ဝယ်ယူစားသုံးခွင့်ရရှိစေရေးအတွက် ယခုကဲ့သို့ စည်ပင်သာယာဈေးများအရောက်ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခြင်း၊ အခြေခံစားကုန်ပစ္စည်းများတွင် ကျန်းမာရေးဆိုးကျိုးဖြစ်စေသော ဓာတုဆေးဝါးပစ္စည်းများ ပါဝင်ရောနှောထုတ်လုပ်ခြင်း ရှိ/မရှိ Mobile Lab Van ဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ မကွေးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းမင်းသူထွန်းထံမှ သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)