ပေါင်းတည်၌ လယ်ယာကုန်ထုတ်လုပ်မှုမြင့်မားရေး ကွင်းဆင်းဆောင်ရွက်

ပေါင်းတည် ဇွန် 

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးအတွက် လယ်ယာကုန်ထုတ်လုပ်မှု မြင့်မားရေးဆိုင်ရာ ကွင်းဆင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဘိုးသာအောင်ကုန်းနှင့် ပျဉ်းပုံကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်မှုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အတူ အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးမှူး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန်ခွဲရေးဦးစီးမှူးနှင့် ဝန်ထမ်းများက ဘိုးသာအောင် ကုန်းကျေးရွာ၊ ကျောင်းကုန်းကျေးရွာနှင့် သဖန်းကုန်းကျေးရွာတောင်သူများ၏ နိုင်ငံ့စီးပွား မြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးထားကြသော နွေစပါးစိုက်ခင်း အခြေအနေများနှင့် စိုက်ပျိုးရေ ရရှိမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး​ခဲ့ကြကြောင်း သိရသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကလည်းကောင်း၊ သက်ဆိုင်ရာဌာနဦးစီးမှူးများကလည်းကောင်း လယ်ယာကဏ္ဍ ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်ရေးအတွက် ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံများ၌ တောင်သူ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးကာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက် )