ကျုံပျော် မေ ၉
သွေးလွန်တုပ်ကွေးရောဂါကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှု မရှိစေရေးအတွက် ကျောင်းသားလူငယ်များအား သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသော နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက် ကြရန်နှင့် မိမိတို့ကိုယ်တိုင်ဆောင်ရွက်မှသာ ၎င်းရောဂါကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်အေးမြတ်မွန်က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ကြပြီး တာဝန်ရှိသူများက သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့အပြင် သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအသီးသီးတို့တွင်လည်း ပူးပေါင်းအဖွဲ့များဖြင့် ခြင်ပေါက်ပွားနိုင်သည့် ရေစည်၊ ရေအိုး၊ ရေကန် များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို စနစ်တကျလိုက်လံ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)