လှိုင်းဘွဲ ဇွန် ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၃ခုနှစ်၊ မိုးရာသီအတွင်း မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် လယ်ထွန်စက်များဖြင့် ထယ်ထိုး၊ ထွန်မွှေခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိသည်။
မျိုးစပါးများအနေဖြင့် မြို့နယ်စိုက်ပျိူးရေးဦးစီးဌာန၊ မျိုးသန့်ခြံမှထုတ်လုပ်စိုက်ပျိုးပေးသည့် ဆင်းသုခစပါးမျိုးကိုအများဆုံး စိုက်ပျိုးကြပြီး၊ ဒေသရေမြေနှင့်ကိုက်ညီသော မနောထွန်း၊ မနောပျက်၊ ရွှေဝါထွန်းစပါးမျိုးများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။
တောင်သူများအနေဖြင့် စပါးစျေးကောင်းလာသည့်အတွက် ယခင်နှစ်များထက်ပိုမိုစိုက်ပျိုးကြရန် စိတ်အားထက်သန်လျက်ရှိကြောင်း၊ မိုးစပါးစိုက်ပျိုးကြမည့်တောင်သူများအနေဖြင့် ထယ်ထိုး၊ ထွန်မွှေကြရာ၌ လယ်ထွန်စက်များအသုံးပြုရာတွင် စက်သုံးဆီစျေးနှုန်းကြီးမြှင့်မှု၊ ပျိုးထောင်၊ပျိုးနုတ်၊ ကောက်စိုက်လုပ်သားရှားပါးနေမှု အခက်အခဲများရှိကြောင်း၊ သဘာဝဘေးကိုလည်းစိုးရိမ်ကြကြောင်း၊ ဓါတ်မြေသြဇာများ စျေးနှုန်းမြှင့်တက်မှုကြောင့် စပါးအထွက်နှုန်းကျနိုင်သော်လည်း နွေရာသီအချိန်များ၌ မိမိတို့၏လယ်မြေများပေါ်တွင်နွားချေး၊မြေ ဆွေး၊ မြေကျက်၊ သစ်ရွက်အမှိုက်များ၊ မီးဖိုပြာများကို စုပုံထားခဲ့ကြပြီးနောက်ယခုမိုးဦးကာလများတွင် သဘာဝမြေသြဇာများအဖြင့် အသုံးပြုနေကြကြောင်း တောင်သူများကရှင်းပြသည်။
လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများအနေဖြင့် မိုးစပါးစိုက်ဧက စုစုပေါင်း(၁၂၀၈၄၃)ဧကကို တောင်သူများက စိုက်ပျိုးသွားကြမည်ဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
လင်းသန့်(ပြန်/ဆက်)