ကြို့ပင်ကောက် အောက်တိုဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့မစည်ပင်သာယာဈေးနှင့် ယာယီဖွင့်လှစ်ထားသော ဈေးများတွင် ဈေးရောင်းသူနှင့် ဈေးဝယ်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များကို သိရှိလိုက်နာစေရေးအတွက် နေ့စဉ်အသိပေးနှိုးဆော်ခြင်းများ လိုက်နာမှုမရှိက အပြစ်ပေး အရေးယူမှု ဆောင်ရွက်ခြင်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။
ကြို့ပင်ကောက်မြို့တွင် နံနက် (၆)နာရီမှ (၁၀)နာရီအထိ ဖွင့်လှစ်သော မြောက်မြို့ပတ်လမ်း ယာယီဈေးနှင့် နံနက်(၆)နာရီမှ မွန်းလွဲ(၁)နာရီအထိ ဖွင့်လှစ်သော စည်ပင်သာယာဈေး(၁) နှင့် ဈေး(၂)၊ အနီးပတ်ဝန်ကျင်ရှိ ဘုတာရုံလမ်း၊ အရှေ့လမ်းမတော်လမ်း၊ အောင်ဒင်လမ်းနှင့် အရှေ့ဘုရားလမ်းတို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှု များကို စက်တင်ဘာလ (၁)ရက်နေ့မှ (၇)ရက်နေ့အထိ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ တွေ့ရှိလာပြီဖြစ်၍ စည်းကမ်းမလိုက်နာသော ဈေးရောင်းသူများနှင့် ဈေးဝယ်သူများကို နှာခေါင်းစည်း သုံးခုအား ငွေကျပ်သုံးထောင်ဖြင့် ဝယ်ယူစေသောနည်းဖြင့် အပြစ်ပေးအရေးယူမှုများကို ဆောင်ရွက် နေကြောင်း ယင်းသို့ဆောင်ရွက်ရာတွင် ပထမဆုံးအကြိမ် ဈေးအတွင်း လှည့်လည်အသိပေးနှိုးဆော်ပြီး စည်းကမ်းမလိုက်နာသူ တွေ့ရှိပါက အသိပညာပေးပြောကြားခဲ့ပြီး ဒုတိယအကြိမ် လှည့်လည်စစ်ဆေးမှု တွင် တွေ့ရှိရပါက အပြစ်ပေးအရေးယူမှုဆောင်ရွက်နေပါကြောင်း နေ့စဉ်လေးဦးမှ ငါးဦးခန့် အပြစ်ပေး အရေးယူမှုများ ဆောင်ရွက်နေရပါကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)