ကျွန်းစုမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျွန်းစု ဇွန် ၉

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြည်သူများနှင့် မော်တော်ယာဉ်မောင်းနှင်သူများကို  လူမှုပတ်ဝန်းကျင်၌ နေ့စဉ်လှုပ်ရှားသွားလာရာတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ ဖြတ်ကူးသွားလာရေးတို့ကို သိရှိနိုင်စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က  ကျွန်းစုမြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ယာဉ်မတော်တဆ ထိခိုက်မှုအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်နှင့် လူမှုစီးပွားဘဝဆုံးရှုံးမှုများ၊ ဒဏ်ရာရရှိမှုများ လျော့နည်းကျဆင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းသိရှိလိုက်နာနိုင်ရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် ယခုလိုပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်ကေသွယ်ကယာဉ်မတော် တဆ ဖြစ်ပွားမှုအမျိုးအစားများနှင့် ယာဉ်တိုက်မှု ဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းများ၊ မြို့တွင်းလမ်းမများတွင်ယာဉ်စည်းကမ်း/လမ်းစည်းကမ်းများ ဖောက်ဖျက် ပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျွန်းစုမြို့မ စခန်းမှူး ဒုတိယရဲမှူး စံလှက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးနှင့် ပတ်သက်၍ မော်တော် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန်၊ မော်တော်ကား မောင်းနှင်သူများ၊ စီးနင်းသူများ ခါးပတ်ပတ်ရန်၊ ယာဉ်မောင်းသူတိုင်း ယာဉ်မောင်း လိုင်စင်ကိုင်ဆောင်ထားရန် လိုအပ်ပါကြောင်း၊ ယာဉ်မောင်းသူများ လိုက်နာရမည့်ယာဉ်စည်းကမ်းများ၊ လမ်းဖြတ်ကူးသွားလာနေသည့် ပြည်သူများ လိုက်ရမည့်လမ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လမ်းဦးစီးဌာန၊ အငယ်တန်းအင်ဂျင်နီယာ-၂(မြို့ပြ)  ဦးအောင်ဆန်ဦးက မြို့တွင်းလမ်းမများတွင် သတ်မှတ်ထားရှိသည့် သင်္ကေတအမှတ်အသားများအဓိပ္ပာယ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)