နတ်မောက် ဇွန် ၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ ပုံပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်မ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူများ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ နှုတ်မှုစွမ်းရည်၊ စာဖတ်စွမ်းရည်များ တိုးတက်မြင့်မားစေရန်နှင့် အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲများကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မူလတန်းအဆင့် ကျောင်းသား/သူများက “အတယ်ဆိုတာမကောင်းဘူး၊ ဒေါင်းယောင်ဆောင်သောကျီးနှင့် ယုန်နှင့် လိပ် စသည့် ခေါင်းစဉ်များဖြင့် ကျောင်းသား/သူ (၁၀)ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကဗျာရွတ်ဆိုပြိုင်ပွဲတွင် “ချစ်စရာတောသူလေးဝက်ဝံလေး” ကဗျာဖြင့် အဖွဲ့(၃)ဖွဲ့တို့က အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ဆုရရှိသူကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး အဆိုပါပြိုင်ပွဲသို့ ဆရာ/မများ၊ ကျောင်းသား/သူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
လှဝင်း