အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဘားအံမြို့ ဇွဲကပင်ခန်းမ၌ကျင်းပ

ဘားအံ ဇွန် ၈

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အမျိုးသမီးများဘဝမြှင့်တင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီ ခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အတွင်း အမျိုးသမီးများ အရေး တက်ကြွစွာဆောင်ရွက်နေကြသည့် အမျိုးသမီးအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးကောင်းမွန်မှုသည် ပြည်နယ်အတွင်းရှိ အမျိုးသမီးများနှင့်မိန်းကလေးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုအပေါ် များစွာမူတည်နေပြီး အမျိုးသမီးများ အလုပ်အကိုင်နှင့်ဝင်ငွေရရှိမှုမှနေ၍ ပြည်နယ်၏ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် တစ်ဦးချင်းဝင်ငွေကို တိုးတက်စေမည်ဖြစ်သည့်အတွက် ပြည်နယ်အတွင်းရှိ အမျိုးသမီးတိုင်း ဝင်ငွေပုံမှန်ရရှိရေး ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်လာသူများက ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကရင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ အမျိုးသမီးအဖွဲ့များကွန်ရက်တို့မှ ခင်းကျင်းပြသ ထားသော လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ ဒေသထွက်အမျိုးသမီးထုတ်ကုန်များ၊ အသိပညာပေးနံရံကပ်ပိုစတာများ ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်တရားရေး၊ ဥပဒေ၊ ကျန်းမာရေး၊ မူခင်းရဲ တပ်ဖွဲ့၊လူမှုဝန်ထမ်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက တရားမျှတမှုနှင့် အမျိုးသမီးအခွင့်အရေးများ ရရှိအောင်ဆောင်ရွက်ပေးနေမှုကဏ္ဍ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ကရင်အမျိုးသမီးများအဖွဲ့တို့မှ ကြိုတင်အသိပညာပေး အကာအကွယ်ပေးမှု ကဏ္ဍ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမ၊ အသေးစားစက်မှုလက်မှု၊ ပညာရေးနှင့်လေ့ကျင့်ရေး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများကဏ္ဍတို့ကို ဦးဆောင်ဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲသို့တက် ရောက်လာသူများက သိရှိလိုသည်များနှင့် မရှင်းလင်းသည်များကို မွေးခွန်းများ အပြန်အလှန် မေးမြန်းဖြေကြား၍ ဆွေးနွေးခဲ့ကြကာ ပြည်နယ်လူမှုရေးဝန်ကြီးဦးစိုးလွင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)