ကျွန်းစု ဇွန် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့ နံနက်(၁၁)နာရီအချိန်က ကပကျေးရွာအုပ်စု၊ ကဒဲ-ကတွဒ်ကျေးရွာ၊ သီရိမင်္ဂလာကျောင်းတိုက်ဓမ္မာရုံ၌ ဖွင့်လှစ်သင်ကြားခဲ့သည်။
သင်ကြားရာတွင် အဝတ်လျှော်ဆပ်ပြာ၊ ပန်းကန်ဆေး/လက်ဆေးဆပ်ပြာ၊ ဘက်စုံဆပ်ပြာ၊ ဆပ်ပြာခရင်မ်၊ အထည်အမွှေးဆီ၊ ပရုပ်ဆီ၊ လက်သန့်ဆေးရည်၊ Body Shower၊ ခေါင်းလျှော်ရည်၊ Herbal Soap၊ ဖယောင်း၊ မှန်ကြည်ဆေး၊ ကြမ်းတိုက်ဆေးရည်၊ Body Scrub၊ Hair Gel ၊ ဆံပင်ပေါင်းဆေး၊ စုစုပေါင်း လူသုံးကုန်ပစ္စည်း(၁၆)မျိုးကို ဇွန်လ(၈)ရက်နေ့ မှ (၁၂)ရက်နေ့အထိ သင်တန်းသူ အမျိုးသမီး(၁၇)ဦးအား စာတွေ့ လက်တွေ့ အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး နိုင်ငံတော်အစိုးရမှ အလေးအထားအကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်အတွက် အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း မြို့နယ်ကျေး/လက်ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းသက်သက်ဝေက ပြောသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြိတ်ခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။ ဆက်လက်၍ မြိတ်ခရိုင်၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းထွန်းက သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ကျွန်းစုမြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများဖြစ်သော အခြေခံအပ်ချုပ်စက် သင်တန်း၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (၃)ကြိမ် ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၃ - ၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း အဆိုပါသင်တန်းကို ပထမအကြိမ် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း မြို့နယ် ကျေး/လက် ဦးစီးဌာနမှ သိရသည်။
ထက်မြင့်(ကျွန်းစု)