ကသာမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကသာ ဇွန် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ကလေးအလုပ်သမားများ လျော့နည်းပပျောက်စေရေးအတွက် ပြည်သူများ အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေရန် ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ကသာမြို့ ဘူတာဈေး၊ ပတ္တမြားဈေးနှင့် သီရိခေမာဈေးတို့တွင် ဈေးရောင်းသူ၊ ဈေးဝယ်သူပြည်သူများကို ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် အလုပ်ရှင်များ သိရှိလိုက်နာတင့်သည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်၊ ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ ဆောင်ပုဒ်များ၊ ကဗျာများပါရှိသည်။

“ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကာကွယ်စောင့်ရှောက်ပေး” ဇေယျာရွှေမြေ လက်ကမ်းစာစောင်ကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေး “အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းကော်မတီ”မှ တာဝန်ခံထုတ်ဝေ၍ ကလေးအလုပ် သမားများ လျော့နည်းပပျောက် စေရေးအတွက် ပြည်သူများအားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် စေရန် ရည်ရွယ်ပြီး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် အသိပညာ ဗဟုသုတတိုးပွားစေရန် အခမဲ့ ဖြန့်ဝေရခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စွာ(ကသာ)