လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး” အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

လိပ်သို ဇွန် ၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Online မှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဒေသနေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရည်ရွယ်၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က သွေးလွန်တုပ်ကွေးရောဂါနှင့် သိမှတ်လိုက်နာရန် အချက်များအကြောင်းနှင့် Talk Show ဆွေးနွေးပွဲ အစီအစဉ်ပြုလုပ်ရခြင်းတို့ကိုလည်းကောင်း၊ စာထောက်-၃ ဒေါ်နော်မားကစ်က သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းများဖြစ်သည့် သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကို သယ်ဆောင်ထားတဲ့ အေးဒီးစ် (Aedes) လို့ခေါ်သည့် ခြင်ကိုက်၍ဖြစ်ကြောင်း၊ အသက်သုံးနှစ်မှ ဆယ့်ငါးနှစ်အတွင်း ကလေးများတွင် အဖြစ်များကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်ကြောင်း၊ အထူး သတိထားရန်မှာ သွေးလွန်တုပ်ကွေးဖြစ်သည့်ကလေး ငါးရာခိုင်နှုန်းခန့်သည် ဆိုးရွားပြင်းထန် သွေးလွန်တုပ်ကွေး အဆင့်သို့ ရောက်ချိန်တွင် သွေးယိုစီးခြင်း၊ သွေးလန့်ခြင်းများဖြစ်ပွားကာ အသက်အန္တရာယ်ပါရှိနိုင်ကြောင်း၊ အန္တရာယ်လက္ခဏာများကို အထူးသတိထား စောင့်ကြည့်ရန်လိုအပ်ကြောင်းနှင့် ဆေးရုံ ချက်ချင်းသွားရောက် စစ်ဆေးကုသမှုခံယူရမည်ဖြစ်ကြောင်းတို့ကိုလည်းကောင်း အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတရရှိစေရန်အတွက် ပြည်သူ့အကျိုးပြု အသိပညာပေးရေး လုပ်ငန်းများကို Online မှတစ်ဆင့် စဉ်ဆက်မပြတ် လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)