ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေရာများသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

မအူပင် ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ယမန်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေရာများသို့ ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အိုင်ဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာရှိ  မအူပင်တက္ကသိုလ် တွင် ငလျင်လှုပ်ခတ်မှုကြောင့် ဘွဲ့နှင်းသဘင်ဆောင်ရှိ နံရံများပြိုကျပြီး နံရံအချို့ကွဲအက်ခြင်း၊ (၃)ထပ် စာသင်ဆောင်(L)ဆောင်တွင် နံရံများကွဲအက်ခြင်းနှင့် ပါမောက္ခအိမ်ရာ (၄)ခန်းတွဲ (၄)ထပ်ဆောင် (မိုးမခ)ဆောင်၏ ရေဆင်းမြောင်းနိမ့်ကျမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အမှတ်(၃) ရပ်ကွက်ရှိ ရွှေဘုန်းမြင့် စေတီတော်မြတ်ကြီးအနီးရှိ မိုးကုတ်ဝိပဿနာ ဆန်းရှိတ်နှင့် ကျောက်ထုတ်ပြိုကျမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေဘုန်းမြင့်စေတီတော်ကြီး ထီးတော်မြေခရာ ရင်ပြင်တော်ပေါ်မှ ဂေါပကအဖွဲ့များ ထိန်းသိမ်းထားသော စိန်ဖူးတော်ရတနာ ပစ္စည်းများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ဆက်လက် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သာသနာ့ဗိမာန်တော်ကြီးတွင် ပြောင်းရွှေ့နေထိုင်သည့် မိုးကုတ်ဝိပဿနာ အဖွဲ့ခွဲ (၄၄)မှ သီလရှင်ဆရာကြီး /ဆရာလေးများအား လှူဖွယ်ဝတ္တုငွေ၊ ဆွမ်းဆန် နှင့် စားဆီများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)