ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတရှာဖွေရန် စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလေ့လာ

လိပ်သို   ဇွန်  ၈

“အလိမ္မာစာမှာရှိ” ၊ “စာအုပ်စာပေလူ့မိတ်ဆွေ” ဆိုသည့် စကားပုံများအတိုင်း စာအုပ်များသည် လူသားတို့အဖို့ သစ္စာရှိသော ထာ၀ရမိတ်ဆွေများလည်းဖြစ်သည့်အတွက် စာဖတ်ခြင်းဖြင့် အသိအမြင်ကြွယ်၀စေရန်နှင့် အတွေးအခေါ် ဉာဏ်ရင့်သန်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ ယနေ့နံနက်ပိုင်းတွင် လိပ်သိုမြို့ အ.ထ.ကကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက လာရောက်၍ စာအုပ်စာစောင်များလေ့လာဖတ်ရှု ငှားရမ်းခဲ့ကြကြောင်း သိရသည်။

စာကြည့်တိုက်ကို ဗဟုသုတရှာဖွေရာနေရာ တစ်ခုအဖြစ်  ဖွင့်လှစ်ထားရှိပြီး သုတ/ ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်များ၊ တေဇ၊ ရွှေသွေး၊တိုင်းရင်းသားရိုးရာ ရုပ်ပြပုံပြင်များ၊  ဉာဏ်စမ်းပဟေဠိ စာအုပ်များ စသည့်စာအုပ်စာစောင်များလာရောက်ဖတ်ရှု ငှားရမ်းနိုင်သည့်အပြင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများနှင့် Talk Show အစီအစဉ်များ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိသည်။

လိပ်သိုမြို့ရုံး ပြည်သူ့စာကြည့်တိုက်အတွင်းရှိ ကလေးစာဖတ်ခန်းကို သီးသန့်ဆောင်ရွက်ထားပြီး ကလေးများအကြိုက် ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာဖတ်စွမ်းရည် စသည့်ပြိုင်ပွဲများကို လစဉ်ပြုလုပ် ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)