ရေကြည်မြို့နယ် အသုတ်မြို့ အမှတ်(၂) မူလွန်အ-မ-က၊ သုံးခွအ-မ-က ကျောင်းများနှင့် ရပ်ကွက်အတွင်းရှိ အိမ်များအား သွေးလွန်တုပ်‌ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ရေကြည် ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊  ရေကြည်မြို့နယ်တွင် မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်၊ ဒေသနေပြည်သူများ သွေးလွန် တုပ်ကွေးရောဂါမှ ကင်းဝေးစေရန်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် ရည်ရွယ်ပြီး ယနေ့ နံနက်ပိုင်းက အသုတ်မြို့ အမှတ်(၂) မူလွန်အ-မ-က၊ သုံးခွအ-မ-ကကျောင်းများနှင့် ရပ်ကွက်အတွင်းရှိ အိမ်များအား သွားရောက်ကာ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဆောင်ရွက်ခဲ့ကြ သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ များမှ တာဝန်ရှိသူများက စာသင်ကျောင်းနှင့် ရပ်ကွက်များ အတွင်းရှိ နေအိမ်များတွင် ပိုးလောက်လမ်း ပေါက်ပွားနိုင်သည့် နေရာများကို စစ်ဆေးခြင်း၊  ရေအိုး၊ ရေကန်များ၊ ဘုရာပိုးလောက်လမ်းပေါက်ပွားမှုမရှိစေရန် ပန်းအိုး၊ ရေစည်၊ ရေပုံးများတွင်  ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များ အတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး၊ ရပ်ကွက်များအတွင်းရှိ နေအိမ်များတွင် ပိုးလောက်လမ်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး နေအိမ်ပတ်ဝန်းကျင်များတွင် ခြင်ပေါက်ပွားမှု မရှိစေရေး အတွက် အသိပညာပေးခြင်း၊ ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိပ်နှင်းရေးလုပ်ငန်းများ‌ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)