ပေါက်ခေါင်းမြို့နယ်၌ နွေစပါးစိုက်ပျိုးရာသီတွင်မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် ၅၇၁၀ ဧကစိုက်ပျိုးထားနိုင်

ပေါက်ခေါင်း ဇွန် ၈

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးသည့်တောင်သူများအနေဖြင့် ၂၀၂၃ ခုနှစ်စိုက်ပျိုးရာသီတွင် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးနိုင်မှုမှာ ယခင်နှစ်အထက်ပိုမိုများပြားခဲ့ပြီး စိုက်ဧက ၅၇၁၀ ဧကအထိ စိုက်ပျိုးထားနိုင်ခဲ့ပြီး တောင်သူများတွင်ကျယ်စွာ အသုံးပြုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းပြီး တောင်သူများလက်ဝယ်ရရှိအသုံးပြုနိုင်ရေးအတွက် စီမံဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မျိုးစေ့ချကိရိယာ (Dram Seeder) စိုက်ပျိုးနည်းစနစ်ကို တောင်သူများတွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန်အတွက် စိုက်ပျိုးနည်း စနစ်များကို ကွင်းအရောက်ပြသပေးခြင်းနှင့် တောင်သူများ စပါးမျိုးကောင်းမျိုးသန့်များ ပိုမိုစိုက်ပျိုးနိုင်‌ရန်အတွက် တောင်သူပညာပေးလုပ်ငန်းများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နွေစပါးစံပြစိုက်ခင်းများ စိုက်ပျိုးထားခြင်းနှင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများနှင့် အားသာချက်များကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ခြင်းကြောင့် တောင်သူများစိတ်ဝင်စားမှုများလာပြီး ယခုနှစ်တွင် စိုက်ဧကများ တိုးချဲ့စိုက်ပျိုးလာခြင်း ဖြစ်ကြောင်း သိရသည်။ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းကြောင့် နွေစပါးစိုက်တောင်သူများအနေဖြင့် မျိုးစေ့ကုန်ကျစရိတ်ကိုသက်သာစေခြင်းနှင့် လုပ်အားခသက်သာခြင်း၊ အတန်းလိုက်စိုက်ပျိုးခြင်းဖြင့် လေဝင်လေထွက်ကောင်းခြင်း၊ ဓာတ်မြေဩဇာ၊ ပေါင်းသတ်ဆေး ပိုးသတ်ဆေးများပက်ဖျန်းရာတွင် လွယ်ကူခြင်းတို့နဲ့ စသည့်အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမင်းမင်းထွန်းထံမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်ရှိ လယ်ယာစိုက်ပျိုးသည့်တောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုများကို နှစ်သီးစားမှသုံးသီးစားအထိ တိုးချဲ့စိုက်ပျိုးလာသည့် အတွက် ရာသီချိန်စိုက်ပျိုးခြင်းနှင့် ဈေးကွက်ခိုင်မာသည့်သီးနှံများနှင့် မျိုးစေ့များကိုရွေးချယ် စိုက်ပျိုးလာကြသည်။ ယခုနှစ်နွေစပါးစိုက်ပျိုးမှုအနေဖြင့် တစ်မြို့နယ်လုံးတွင် Drum Seeder ဖြင့် ၅၇၁၀ ဧက၊ ပျိုးထောင်စိုက်ပျိုးခြင်းဖြင့် ၁၁၄၀ ဧက၊ သတန်ကြဲခင်း ၄၅၇၄ ဧက၊ စုစုပေါင်း ၁၁၄၂၄ ဧကအထိစိုက်ပျိုးထားရှိပြီး နွေစပါးခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီးရိတ်သိမ်းရန် တစ်လခန့်သာလို‌တော့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)