စုကလိ ဇွန် ၈
ကရင်ပြည်နယ် မြဝတီခရိုင်၊ စုကလိမြို့စခန်းသစ်ကျေးရွာတွင် ဒေသတွင်း စီးပွားရေးတစ်ခုဖြစ်သည့် ဝဥစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်ကြရာ တွင် ယနေ့ခေတ်နှင့်အညီ ရွက်သီးမျိုးများ စတင်စိုက်ပျိုးလာကြပြီး ဖြစ်သည်။
စုကလိမြို့ စခန်းသစ်ကျေးရွာတွင် ဝဥစိုက်ပျိုးသူများအနေဖြင့်၊ ရွက်သီးမျိုးများအား ယခုနှစ်မှစတင်၍ စိုက်ပျိုးလာကြရာတွင် ဝဥပင်များ စိုက်ပျိုးအောင်မြင်ပြီး ဈေးကွက်သို့ ရောင်းချနိုင်သည့် အရေအတွက်များရရှိနိုင်ရန် အလေးထားစိုက်ပျိုးလာကြသည်။ ဝဥသည် အစို၊ အခြောက် အမျိုးအစား နှစ်မျိုးစလုံးအား စုကလိ မြို့တွင် ရောင်းချနိုင်ပြီးဖြစ်သည်။
ဝဥများ စိုက်ပျိုးချိန်မှ ဈေးကွက်သို့ ရောင်းချနိုင်သည်အထိ ကြာချိန်မှာ ၃ နှစ်ခန့်ကြာမြင့်ပြီး၊ ရေခံမြေခံကောင်းသော စုကလိမြို့တွင် အစေ့ထုတ်ကော်ပြောင်း စိုက်ပျိုးခြင်းနှင့် ဝဥစိုက်ပျိုးခြင်းအား အဓိကထား စိုက်ပျိုးလာကြကြောင်းနှင့် လာမည့်နှစ် ဝဥတူးဖော်ရောင်းချနိုင်မည့် အချိန်တွင် ဈေးကောင်းရရှိစေရန်လည်း မျှော်လင့်လျက်ရှိကြောင်း ဝဥစိုက်တောင်သူတစ်ဦးထံမှ သိရှိရပြီး၊ လိုအပ်သည့် နည်းပညာများအားလည်း၊ စုကလိမြို့ စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေး စင်တာမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည် ။
ပိုပိုအောင်