ကျိုက်လတ် ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီ ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်နိုင်ငံ့စီးပွားရေးမြှင့်တင်ရေး စီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က ဒေသတွင်းရှိ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များ ပိုမိုရရှိရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးနှင့် နွေစပါးစိုက်ဧကများအား သွင်းအားစုများ ထောက်ပံ့ပေးခဲ့ပြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ယခုမတည်ထောက်ပံ့ငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်နိုင်ငံ့စီးပွားရေးမြှင့်တင်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးမွန်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများ ဆက်လက်ကြီးကြပ်ခြင်း၊ ရန်ပုံငွေများ ဆုံးရှုံးမှုမရှိစေရေး ကြီးကြပ်ရေးကော်မတီဝင်များနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေ ရယူဆောင်ရွက်မည့် လုပ်ငန်းရှင်များအား စိုက်ပျိုးရေးကဏ္ဍအတွက် ကျပ်သန်း(၁၄၀)၊ မွေးမြူရေးကဏ္ဍအတွက် ကျပ်သန်း(၁၁၀)၊ စုစုပေါင်း ကျပ်သန်း(၂၅၀) အား ချေးငွေပေးအပ်ခဲ့ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)