လပွတ္တာ ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate)ဆေးခတ်ခြင်း လုပ်ငန်းကို ယနေ့ နံနက်ပိုင်းက လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။
မိုးဦးရာသီတွင် ပိုးလောက်လမ်းမှတစ်ဆင့် ခြင်ပေါက်ဖွားမှု များပြားလာနိုင်သဖြင့် ရေတင်ကျန် နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း ဆောင်ရွက်ပြီး ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါအန္တရာယ်မှ ကင်းဝေး စေရန် ကျောင်းများရှိ ရေသိုလှောင် ကန်များ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းမျာအား အဘိတ် (Abate) ဆေးခတ်ခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate) ဆေးခတ်ခြင်းကို လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၈၂)အုပ်စုရှိ အခြေခံပညာ ကျောင်းပေါင်း (၄၃၈)ကျောင်းတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် Abate ဆေးခတ်ခြင်းတို့အား အုပ်ချုပ်ရေးအဖွဲ့ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများ ပူးပေါင်းပြီး အဖွဲ့များခွဲကာတစ်ချိန် တည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)