ရွှေကျင်မြို့တွင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရွှေကျင် ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ သရဝဏ်(ပြည်)၊ ဦးဘုန်း(ဓာတု)၊ ညီမင်းညို တို့ ရေးသားသည့် “လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်းသိရသသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်မှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏အကျိုးကျေးဇူး ရည်ရွယ်ချက်များကို ပြောကြားပြီး Book Club အဖွဲ့ဝင် ဦးသိန်းဇော်ဝင်းက စာအုပ်တွင်ပါရှိသော လူငယ်နှင့်ဘဝရည်မှန်းချက်ပန်းတိုင် အခန်းကိုလည်းကောင်း၊ Women Club အဖွဲ့ဝင် ဒေါ်ထွေးကြည်က လူငယ်နှင့်စာပေ အခန်းကိုလည်းကောင်း၊ ဒေါ်စန်းစန်းမော်က လူငယ်နှင့်မူးယစ်ဆေးဝါး အခန်းကို လည်းကောင်း အသီးသီးဖတ်ကြားဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများမှ စာအုပ်၏ အနှစ်သာရများနှင့် လေ့လာမှတ်သားစရာများဖြစ်သည့် လူမှုဘဝအတွေ့အကြုံများ အပြော အဆို အနေထိုင်ပြုမူသင့်ပုံများ ရည်မှန်းချက်ထားရှိပြီး ဝါသနာပါရာကို ရဲရင့်စွာလုပ်ဆောင် သင့်ပုံများ သုတ၊ ရသ ရရှိသည်များကို ချပြဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် စာဖတ်သူများအနေဖြင့် စာရေးဆရာများ၏ အတွေ့အကြုံများ အသိပညာတို့ကို ရရှိစေသည့်အပြင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ပိုမိုသိရှိနားလည်ကာ စာဖတ်နှုန်းများ တိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)