မြန်အောင် ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ်နှင့်အဘိတ် (Abate) ဆေးခတ်ခြင်းကို ယနေ့နံနက်က မြန်အောင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများတွင် ဆောင်ရွက်ခဲ့ကြသည်။
မိုးဦးရာသီတွင် ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ဖွားမှုများပြားလာနိုင်သဖြင့် ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းဆောင်ရွက်ပြီး ခြင်ကြောင့်ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါအန္တရာယ်မှကင်းဝေးစေရန် ရေသိုလှောင်ကန်များ၊ ရေတိုင်ကီနှင့် ကျောက်စည်ပိုင်းမျာအား အဘိတ် (Abate) ဆေးခတ်ခြင်းလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ် (Abate) ဆေးခတ်ခြင်းကို မြန်အောင်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများပူးပေါင်းပြီး အဖွဲ့များခွဲကာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဝင်းဗိုလ်
မြန်အောင်(ပြန်/ဆက်)