စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မုံရွာမြို့၊ အေးသာယာရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ၊ စားသောက်ဖွယ်ရာများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

မုံရွာ ဇွန် ၈

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဇွန်လ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့်မုံရွာမြို့၊ အေးသာယာရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ၊ စားသောက်ဖွယ်ရာများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား ကိုဇွန်လ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါရပ်ကွက်ရှိ အမှတ်(၂၀)အခြေခံပညာ မူလတန်းကျောင်းတွင်ကျင်းပရာ အခမ်းအနားသို့တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ရဲမှူးကြီးဉာဏ်မြင့်ကျော်၊ တိုင်းဒေသကြီးလူမူရေးရာဝန်ကြီး ဦးစောနိုင်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မီးဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက နှုတ်ခွန်းဆက်အားပေးစကားပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ မီးဘေးသင့်ပြည်သူများထံ ထောက်ပံ့ငွေများ၊ ဆန်၊ဆီ၊ဆား၊ပဲ၊ကြာဇံ စားသောက်ဖွယ်ရာများနှင့် ကယ်ဆယ်ရေးပစ္စည်းများအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မီးဘေးပြည်သူများမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မီးဘေးသင့်အိမ်ထောင်စု ၁၉ စု၊ လူဦးရေ ၇၃ ဦး အတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၃ သိန်းနှုန်းဖြင့် ငွေကျပ်စုစုပေါင်း - ၅၇ သိန်းနှင့် ဆန်၊ဆီ၊ဆား၊ပဲ၊ကြာဇံ တစ်လစာအတွက် စုစုပေါင်းငွေကျပ် - ၄၃၀၇၉၅၄ (လေးဆယ် ခုနှစ်သိန်း ခုနှစ်ထောင်ကိုးရာငါးဆယ်လေး)ကျပ်အားလည်းကောင်း၊ တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးငွေနှင့် ဆန်ရိက္ခာဖိုးငွေကျပ် - ၂၂၅၃၃၀၀ (နှစ်

ဆယ်နှစ်သိန်း ငါးသောင်းသုံးထောင်သုံးရာ) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါပုံးများနှင့် သွားတိုက်ဆေး၊ သွားတိုက်တံများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)