ပခုက္ကူတက္ကသိုလ်၌ အဆင့်မြင့်တက္ကသိုလ်ပညာရပ်များ ပုံမှန်အတိုင်း ဖွင့်လှစ်သင်ကြား

ပခုက္ကူ ဇွန် ၈

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့် ကောလိပ်များ၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ၁ရက်မှစတင်ကာ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိရာ ပခုက္ကူတက္ကသိုလ်၌ ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်ဌာန အသီးသီးအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဆက်လက်တက်ရောက် လျက်ရှိကြသည်။

အဆိုပါ တက္ကသိုလ်ပညာရပ်များ စနစ်တကျဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၏ အနီးကပ်ကြီးကြပ် ဦးဆောင်မှုဖြင့် ဒုတိယပါမောက္ခချုပ်များနှင့် ဘာသာရပ်ဌာနဆိုင်ရာပါမောက္ခ (ဌာနမှူး)များ၊ သင်တန်းရေးရာဌာနမှ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ မေလ ၂၃ ရက်မှ စတင်ကာ လိုအပ်သည့် ကျောင်းအပ်လက်ခံခြင်း၊ ကျောင်းဝင်မှတ်ပုံတင်ခြင်းများကို  ကြိုတင်ပြင်ဆင် ဆောင်ရွက်ခဲ့ကြပြီး ဇွန်လ ၁ ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားခြင်းဖြစ်သည်။ ထိုသို့ဖွင့်လှစ်သင်ကြားရာ ပခုက္ကူတက္ကသိုလ်ရှိ ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်ဌာန(၁၄)ခုတွင် ပထမနှစ် ၁၉၂ ဦး၊ ဒုတိယနှစ် ၃၇၈ ဦး၊ တတိယနှစ် ၁၇၆ ဦး၊ စတုတ္ထနှစ် ၂၀၆ ဦး၊ ပထမနှစ်(ဂုဏ်ထူးတန်း) ၄၈ ဦး၊ ဒုတိယနှစ်(ဂုဏ်ထူးတန်း) ၈၈ ဦး၊ တတိယနှစ် (ဂုဏ်ထူးတန်း) ၃၃ ဦး၊ မဟာအရည်အချင်းစစ် သင်တန်း ၁၂ ဦး၊ မဟာဝိဇ္ဇာနှင့်သိပ္ပံသင်တန်း ၁၀၇ ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူဦးရေ (၁၃၄၂) ဦး စိတ်အေးချမ်းသာစွာ တက်ရောက်ကြကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်တွင် ဥပဒေပညာနှင့်စီးပွားရေးပညာကို ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှစတင်ကာ တိုးချဲ့ဖွင့်လှစ်ခြင်းဖြစ်ပြီး ဘာသာရပ်(၂)ခုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၂)ဦး တက်ရောက် ပညာသင်ကြားကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)