ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဝါသီးနှံစိုက်ဧက ၁၅၃၅ ဧက လျာထားစိုက်ပျိုးသွားမည်

ပွင့်ဖြူ ဇွန်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုး ထုန်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူဦးကြီးများ သီးနှံဝင်ငွေတိုးပွားစေရန် ဝါသီးနှံစိုက်ဧက ၁၅၃၅ ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြုပြီး သီးနှံဝင်ငွေတိုးပွားစေရန်နှင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်ပြီး ဝါသီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၁၅၃၅ ဧကစိုက်ပျိုးသွားရန် လျာထားရှိပြီး ဒေသခံတောင်သူများက လျာထားစိုက်ဧကပြည့်မီစေရေးအတွက် ယခုဇွန်လအတွင်း ရွာသွန်းသည့်မိုးဖြင့် ဝါသီးနှံများကို စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

"ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့နဲ့ သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဝါသီးနှံစိုက်ပျိုးရေးကို တစ်မြို့နယ်လုံး ၁၅၃၅ ဧက လျာထားစိုက်ပျိုးသွားမှာဖြစ်ပါတယ်။ ဝါသီးနှံဟာ ဈေးကွက်ရှိတဲ့အတွက်နှစ်စဉ် မိုးရာသီမှာ ဒေသခံတောင်သူတွေက အားထားစိုက်ပျိုးကြပါတယ်။ ပွင့်ဖြူမြို့နယ်အနေနဲ့ ဝါသီးနှံစိုက်ပျိုးရေးကိုတော့ ကန်ပြည့်ကျေးရွာ၊ ကျွဲတိကျေးရွာ၊ မဒဲကျေးရွာ၊ ကျောင်းကုန်းကြီးကျေးရွာ၊ ရေပုတ်လေးကျေးရွာနဲ့ ကုလားဟောင်းကျေးရွာတို့မှာ တောင်သူတွေက သီးနှံဝင်ငွေတိုးပွားရေး စီးပွားဖြစ်စိုက်ပျိုးကြပါတယ်။ အဲဒီလို ဝါသီးနှံစိုက်ပျိုးရာတွင် တောင်သူတွေ သီးနှံအထွက်နှုန်းကောင်းဖို့အတွက် အဓိကလုပ်ဆောင်ရမယ့် စိုက်နည်းစနစ်တွေ၊ သီးနှံပိုးမွှားရောဂါ မကျရောက်အောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းတွေ၊ စိုက်ပျိုး‌ရေးသွင်းအားစု စနစ်တကျသုံးစွဲနည်း၊ စိုက်ပျိုးရေးအတွက် ကုန်ကျစရိတ်သက်သာစေရေး ကိုယ်တိုင်သဘာဝမြေဩဇာနဲ့ သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်းစနစ်များကို သက်ဆိုင်ရာနယ်မြေ ကွင်းဝန်ထမ်းတွေက အနီးကပ်ကြီးကြပ်ပြီး တောင်သူအသိပညာပေးလုပ်ငန်းတွေကို ကူညီပံ့ပိုးဆောင်ရွက်ပေးနေပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည်  စိုက်ပျိုးရေအဆင်ပြေမှုကြောင့် စိုက်ပျိုးသမျှသီးနှံများ အောင်မြင်ဖြစ်ထွန်းမှုရှိ၍ နှစ်စဉ်မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံဝင်ငွေတွက်ခြေကိုက်သည့် ချည်မျှင်ရှည်ဝါ၊ ရွှေတောင်(၈) ရွှေတောင်(၁၀)ဝါသီးနှံမျိုးများကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ ယခုလက်ရှိတွင် ဒေသခံတောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မိုးသီးနှံဝါစိုက်ပျိုးခြင်းကို လျာထားဧကပြည့်မီစေရန် ယခုလဆန်းပိုင်းကစတင်ကာ ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။    

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)