ပဲခူး ဇွန် ၈
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၇)ရက်နေ့၊ နံနက်ပိုင်းက (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများနှင့် တိုင်းဒေသကြီး/ပြည်နယ် အားကစားပြိုင်ပွဲ များတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ရယူပေးနိုင်ခဲ့သည့် အားကစားသမားများ၊ အုပ်ချုပ်/နည်းပြများအား ထပ်ဆင့် ဂုဏ်ပြုခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများက အားကစားနည်းအလိုက် ရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၈)၊ စုစုပေါင်း (၁၉)ခု ရယူနေပေးနိုင်ခဲ့သည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ တိုင်းဒေသကြီး အတွင်း အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုး တက်စေရေးအတွက် ယှဉ်ပြိုင်မည့် အားကစားနည်း အလိုက် အောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေ ပေးအပ်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသလို ဆုတံဆိပ်များ ရရှိလာပါကလည်း ထိုက်ထိုက်တန်တန် ဂုဏ်ပြု ပေးလျက်ရှိကြောင်း၊ အားကစားနည်းအလိုက် ယှဉ်ပြိုင်မှုတိုင်းတွင် အနိုင်မခံ၊ အရှုံးမပေး ခိုင်မာသော စိတ်ဓာတ်များဖြင့် ယှဉ်ပြိုင်ခဲ့သည့်အတွက် တိုင်းဒေသကြီး ကိုယ်စားပြု နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားများ အောင်မြင်မှုရရှိခဲ့ကြတာ အားလုံးအသိပင်ဖြစ်ကြောင်း၊ နိုင်ငံတကာအလည် မှာ မြန်မာနိုင်ငံတော်အလံ လွှင့်ပျံအောင် စွမ်းဆောင်ကြိုးပမ်းနိုင်ခဲ့သည့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၊ နည်းပြများအား ယခုကဲ့သို့ အခမ်းအနားဖြင့် မှတ်တမ်းတင် ထပ်ဆင့်ဂုဏ်ပြုပေးရခြင်းဖြစ်ကြောင်း၊ လာမည့်အားကစား ပြိုင်ပွဲများတွင် ယခုထက်ပိုမိုအောင်မြင်မှုများရရှိရန် ကြိုးစားအားထုတ်စေလိုကြောင်းနှင့် လိုအပ်သည်များ ထပ်မံပံ့ပိုးကူညီပေးသွားမည်ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ထို့နောက်(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် နိုင်ငံ့ ဂုဏ်ဆောင်အားကစားသမားများ၊ တိုင်းဒေသကြီး/ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ သည့် တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများ၊ နည်းပြ/အုပ်ချုပ်သူများနှင့် နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အားကစားသမား ဦးသန်းဇော်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကာ ဆုရ အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တိုင်းဒေသကြီး ကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ၊ နည်းပြ/အုပ်ချုပ်သူများ၊ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားဟောင်းများအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စုစုပေါင်း(၅၄၉)သိန်း(၃)သောင်း ထပ်ဆင့်ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ခြင်းဖြစ်ကာ ပြည်နယ်နှင့် ၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီး အမျိုးသား/အမျိုးသမီး တင်းနစ်ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်(၇)ခု ပေးရာ ပဲခူးတိုင်းဒေသကြီး တင်းနစ်အသင်းအနေဖြင့် ရွှေတံဆိပ်(၅) ခု၊ ငွေတံဆိပ်(၂)ခု၊ အမျိုးသား တံခွန်စိုက်ဆု၊ အမျိုးသမီးတံခွန်စိုက်ဆု၊ စုပေါင်းတံခွန်စိုက်ဆုနှင့် အမျိုးသား အကောင်းဆုံး အားကစားသမားဆုများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)