ပခုက္ကူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပခုက္ကူ ဇွန် ၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ပခုက္ကူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၂)ခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများကြောင့် မြစ်ငယ်၊ ချောင်းငယ်များနှင့် တောင်ကျချောင်းများတွင် လျှပ်တစ်ပြက်ရေကြီးခြင်းများဖြစ်ပေါ်လာနိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ရာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာချက်များကို စဉ်ဆက်မပြတ်စောင့်ကြည့်ပြီး သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးမျိုးဝင်းလှိုင်က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ထားရမည့်လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်နေစဉ်နှင့် ဖြစ်ပေါ်ပြီးချိန်တို့တွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကြိုတင်သတိပေးထုတ်ပြန်ချက်များနှင့် အရေးပေါ်တုံ့ပြန်မည့်လုပ်ငန်းအစီအမံများကို ပြည်သူများအားလုံး ဆောလျင်စွာ သိရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ၊  အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များက စနစ်တကျဆောင်ရွက်ရေးနှင့် ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)