နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီအတွက် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေး

နတ်မောက် ဇွန် ၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးမည့်တောင်သူများအတွက် အချိန်မီစိုက်ပျိုးနိုင်ရေး စိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က မကျီးချိုကျေးရွာမှ တောင်သူ(၉၇)ဦးထံသို့ မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေကျပ်(၄၆၉)သိန်းနှင့် ရွာတော်ကျေးရွာမှတောင်သူ(၇၇)ဦးထံသို့ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၅၁၆)သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ နှစ်စဉ်မိုးရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို မိုးစပါးတစ်ဧကလျှင် ငွေကျပ်(၁)သိန်းခွဲ၊ ယာသီးနှံတစ်ဧကလျှင် ငွေကျပ်(၁)သိန်းနှုန်း ထုတ်ချေးလျက်ရှိရာ ၂၀၂၀-မိုး၊ ၂၀၂၁-မိုး၊ ၂၀၂၂-ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်များကို ထုတ်ချေးရာတွင် (Covid -19 အထူးချေးငွေ၊ နေကြာချေးငွေအပါအဝင်) နှစ်တိုးချေးငွေနှင့် နှစ်ရှည်ချေးငွေ၏ အရစ်ကျငွေစာရင်း၊ အတိုးများ အပြည့်အဝပြေကျေသည့် ကျေးရွာအုပ်စု(၆၂)အုပ်စုထုတ်ချေးနိုင်ခဲ့ပြီး ၂၀၂၃-ခုနှစ်တွင်လည်း အပြည့်အဝပြေကျေသည့် ကျေးရွာအုပ်စု(၆၂)အုပ်စုရှိ တောင်သူများကိုသာ ထုတ်ချေးရန်လျာထား၍ မေလတွင် စတင်ထုတ်ချေးပေးခဲ့သည်။ နတ်မောက်မြို့နယ်တွင် ကျေးရွာအုပ်စု(၆၂)အုပ်စုထံသို့ စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ဇွန်လ(၇)ရက်နေ့အထိ ကျေးရွာအုပ်စုပေါင်း (၁၂)အုပ်စုမှ တောင်သူ(၉၉၁)ဦးထံသို့ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ်(၄၈၃၂)သိန်း အားအချိန်မီထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လှဝင်း