သွေးလွန်တုပ်ကွေးကာကွယ်ရေး ဟောပြောပွဲနှင့် ရပ်ကွက်အတွင်းရှိ ရေတွင်းရေကန်များအား အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်

ပုသိမ် ဇွန် ၈

ပုသိမ်မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့များ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ပုသိမ်မြို့၊ အမှတ်-၂ ရပ်ကွက် အမှတ်(၁၁) အခြေခံပညာ မူလတန်းကျောင်း (ဟတ္ထနော)တွင် ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်နွယ်သန္တာထွန်းက သွေးလွန်တုပ်ကွေး ရောဂါဖြစ်စေနိုင်သည့် ပိုးလောက်လမ်းများ ပေါက်ပွားပုံနှင့် ခြင်ကိုက်ခြင်းမှ ဖြစ်ပွားပုံများ၊ သွေးလွန်တုပ်ကွေးမဖြစ်ပွားစေရန် နေထိုင်ရမည့် နည်းလမ်းများကို ကလေးငယ်များအား ရှင်းလင်းပြောကြား ပြီး အမျိုးသမီး ရေးရာနှင့် မိခင်ကလေးစောင့်ရှောက်ရေးအဖွဲ့များမှ ကလေးငယ်များအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူအေးက လက်ခံရယူခဲ့သည်။ ဟောပြောပွဲ အပြီးတွင် ရပ်ကွက်အတွင်းရှိ ရေတွင်းရေကန်များ၊ ဘုရားပန်းအိုးနှင့် ခြင်ပေါက်ပွားမှုလွယ်ကူစေသော ရေအိုး၊ ရေခွက်များမှ မသန့်ရှင်းသောရေများကို ဖုန်း/သွန်/လဲ/ စစ် ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေး ခတ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန်