မကွေးတိုင်းဒေသကြီးအတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်မှုနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်နှင့် တွေ့ဆုံမေးမြန်းခြင်း

ပခုက္ကူ ဇွန် ၇

မေး။ ဆရာမကြီး မင်္ဂလာပါခင်ဗျ။

ဖြေ။ ဟုတ်မင်္ဂလာပါရှင်။

မေး။ ဟုတ်ကဲ့ပါ။ အရင်ဦးဆုံး ဆရာမတို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းလေးတွေအကြောင်းကို မိတ်ဆက် ပေးဖို့ ပန်ကြားအပ်ပါတယ်ခင်ဗျ။

ဖြေ။ ဟုတ်ကဲ့ပါ။ ကျွန်မတို့ဌာနကတော့ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည်ဆိုတဲ့ မျှော်မှန်းချက်နှင့်အညီ ဌာန၏ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်။ အဲ့လိုဆောင်ရွက်ရာမှာ မှတ်ပုံတင်လုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို သင်ကြားပေးတဲ့ လုပ်ငန်းများ၊ ဓာတ်ခွဲစမ်းသပ်တဲ့လုပ်ငန်းများနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ပါတယ်။ ဒီနှစ်မှာတော့ ကျွန်မတို့က အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းတွေကို ဆောင်ရွက်မှာဖြစ်ပါတယ်ရှင်။

မေး။ ဟုတ်ကဲ့ပါ။ ဆရာမတို့ဌာနအနေနဲ့ မှတ်ပုံတင်လုပ်ငန်းတွေ၊ အသက်မွေးဝမ်းကျောင်းတွေ၊ ဓာတ်ခွဲတာတွေ သုတေသနတွေစီမံကိန်းတွေရှိတယ်ပေါ့နော်။ အထူးသဖြင့် ကျွန်တော်တို့ သိချင်တာက အသက်မွေးဝမ်းကျောင်းနှင့်ပတ်သက်ပြီးတော့ ဘာတွေဆောင်ရွက်ပေးနေပါသလဲ။

ဖြေ။ ဟုတ်ကဲ့ပါရှင်၊ ကျွန်မတို့ဌာနက အသက်မွေးဝမ်းကျောင်းပညာရပ်တွေကိုသင်ကြားတဲ့နေရာမှာ ကာလရှည်သင်တန်းနှင့် ကာလတိုသင်တန်းတွေဆိုပြီးတော့ သင်တန်းတွေ ဖွင့်လှစ်ပို့ချပေးနေပါတယ်။ ကာလရှည်သင်တန်းအတွက် ကျွန်မတို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှာ ယွန်းပညာကောလိပ်ရှိပါတယ်။ ဆောင်းဒါးသက်မွေးသိပ္ပံအပါအဝင် ကျွန်မတို့ရက်ကန်းကျောင်း (၁၃)ကျောင်း ရှိပါတယ်။ ယွန်းပညာကောလိပ်မှာတော့ ယွန်းပညာရပ်တွေကိုသင်ကြားပေးပြီးတော့ ကျွန်မတို့ ရက်ကန်း ကျောင်းတွေမှာတော့ (၁)နှစ်သင်တန်းတွေနဲ့ (၆)လသင်တန်းတွေ ဖွင့်လှစ်ပို့ချပေးပါတယ်။ ဒါ့အပြင် တခြား ကာလတိုသင်တန်းတွေ၊ ရက်ကန်းပညာရပ်တွေလည်း ဖွင့်လှစ်ပို့ချပေးပါတယ်။ ကာလတိုသင်တန်းအနေနဲ့ကတော့ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုသင်တန်းတွေ၊ သီးနှံအခြေခံစားသောက်ကုန်သင်တန်းတွေ၊ ဆိုင်ကယ်ပြင်သင်တန်းတွေ၊ လျှပ်စစ်သွယ်တန်းမှုနည်းပညာသင်တန်းတွေနှင့် တခြားကာလတိုသင်တန်းတွေ အများကြီးကို ကျွန်မတို့ သင်ကြားပို့ချလျက်ရှိပါတယ်။

မေး။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာမကြီး။ ယခု ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ်မှာရော ဘယ်လို စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ရှိပါသလဲခင်ဗျာ။

ဖြေ။ ဟုတ်ကဲ့ကျွန်မတို့ ယခု ၂၀၂၃−၂၀၂၄ ဘဏ္ဍာရေးနှစ်မှာတော့ အသေးစားကုန်ထုတ်လုပ်ငန်းများကို ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းကို ပြည်ထောင်စုနယ်မြေ (ရုံးချုပ်)အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၅)ခုရှိ မြို့ပြအပါအဝင် ကျေးရွာ(၁၅၅)ရွာကို ရွေးချယ်ပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျွန်မတို့ မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေနဲ့ကတော့ စီမံကိန်း(၉)ခုကိုဆောင်ရွက်မှာဖြစ်ပါတယ်ရှင်။

မေး။ ဟုတ်ကဲ့ပါ။ အဲ့ဒီစီမံကိန်း(၉)ခုနဲ့ ကျွန်တော်တို့ အသေးစားစက်မှုလက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာအောင် ဘယ်လိုတွေဆောင်ရွက်ဖို့ရှိသလဲဆိုတာ ရှင်းပြပေးပါအုံးဗျာ။

ဖြေ။ ဟုတ်ကဲ့ပါရှင်။ ကျွန်မတို့အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးရုံး အနေနဲ့ကတော့ ခေတ်မီစံပြကျွေးရွာဖော်ဆောင်ပြီးတော့ ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းများကို ချောက်မြို့နယ်၊ ကြီးနီစံပြကျေးရွာမှာ ဆိုင်ကယ်ပြင်သင်တန်း ပို့ချမှာဖြစ်ပါတယ်။ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးစီမံကိန်းကိုတော့ မကွေးမြို့နယ်၊ လိပ်ကန်ကျေးရွာမှာ စက်ချုပ်သင်တန်း ပို့ချမှာဖြစ်ပါတယ်။ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာရေးစီမံကိန်းကိုတော့ မကွေးမြို့နယ်၊ ညောင်ပင်သာကျေးရွာမှာ စားသောက်ကုန်သင်တန်းပို့ချမှာဖြစ်ပြီးတော့ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကိုတော့ မကွေးမြို့နယ်၊ ကျစ်စုံပွေးကျေးရွာမှာ စက်ချုပ်သင်တန်း ပို့ချမှာဖြစ်ပါတယ်ရှင်။ နောက်တစ်ခါ မင်းဘူးခရိုင်ရုံး အနေနဲ့ဆိုရင်တော့ ခေတ်မီစံပြကျေးရွာမှာရှိတဲ့ ကျေးလက်နေပြည်သူတွေ ဝင်ငွေတိုးပွားရေးအတွက် မင်းဘူးမြို့နယ်၊ တောင်မန်းစံပြကျေးရွာနှင့် ပွင့်ဖြူမြို့နယ်၊ စံပြကျေးရွာတွေမှာ စက်ချုပ်သင်တန်းဖွင့်လှစ် ပို့ချမှာဖြစ်ပါတယ်။ အမျိုးသမီးများ ဝင်ငွေတိုးပွားရေးအတွက် စီမံကိန်းကိုတော့ မင်းဘူးမြို့နယ်၊ ထိန်တောကျေးရွာမှာ စားသောက်ကုန်သင်တန်းတွေ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ကျေးရွာတစ်ရွာ၊ ထုတ်ကုန်တစ်ခု ဆောင်ရွက်မည့် လုပ်ငန်းအတွက် သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ကိုင်းငယ်လေးကျေးရွာမှာ ရက်ကန်းသင်တန်းပို့ချမှာဖြစ်ပြီးတော့ အစားထိုးအသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကိုတော့ မင်းလှမြို့နယ်၊ မလွန်ကျေးရွာမှာ စားသောက်ကုန်သင်တန်း ဖွင့်လှစ်ပို့ချမှာဖြစ်ပါတယ်။ အဲ့ဒီသင်တန်းတွေ ဖွင့်လှစ်တဲ့အချိန်ကျရင်လည်း သင်တန်းတစ်ခုအတွက် သင်တန်းသား(၁၅)ဦးစီသာ လက်ခံသင်ကြားပေးသွားမှာပါ။ အဲ့ဒီသင်တန်းသား(၁၅)ဦးထဲကနေပြီးတော့ ထူးချွန်တဲ့သင်တန်းသား (၅)ဦးကို ရွေးချယ်မှာဖြစ်ပါတယ်။ ထူးချွန်သင်တန်းသားတစ်ဦးကို ငွေကျပ်(၁၀)သိန်းနဲ့ညီမျှတဲ့ စက်ပစ္စည်းတွေကို ထောက်ပံ့ပေးပြီးတော့ လုပ်ငန်းထူထောင်ဖို့ ရည်ရွယ်ထားပါတယ်။ ကျွန်မတို့က ငွေကျပ်(၁၀)သိန်းနဲ့ညီမျှတဲ့ စက်ပစ္စည်းတွေ ထောက်ပံ့ပေးရင် သင်တန်းသားဘက်ကတော့ ကုန်ကြမ်းပစ္စည်းအတွက် ငွေကျပ်(၂)သိန်းခန့်ထည့်ဝင်ပြီး လုပ်ငန်းစတင်ထူထောင်ရမှာဖြစ်ပါတယ်။ ဒီလိုနဲ့စက်ပစ္စည်းတွေထောက်ပံ့မယ်၊ သူတို့ဘက်က ကုန်ကြမ်း ပစ္စည်းတွေပါဝင်မယ်ဆိုရင် စီမံကိန်းတစ်ခုမှာ လုပ်ငန်းရှင် ငါးဦး ပေါ်ထွန်းလာမှာဖြစ်ပါတယ်။ ကျွန်မတို့ မကွေးတိုင်းဒေသကြီးအနေနဲ့ဆိုရင် လုပ်ငန်းရှင်(၄၅)ဦးခန့်ပေါ်ထွန်းကာ မြန်မာတစ်နိုင်ငံလုံးအနေနဲ့ဆိုရင်တော့ လုပ်ငန်းရှင်(၇၇၅)ဦးပေါ်ထွန်းလာဖို့အတွက်ရည်ရွယ်ပြီး ဒီစီမံကိန်းတွေကို အောင်မြင်အောင် ဆောင်ရွက်မှာဖြစ်ပါတယ်ရှင်။

မေး။ ဟုတ်ကဲ့ပါခင်ဗျာ။ ပြီးတော့ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်တွေအနေနဲ့ မှတ်ပုံတင်မယ် ဆိုရင်ရော ဘယ်လိုတွေဆောင်ရွက်ရမလဲဆိုတာလေးကို ထပ်မံရှင်းပြပေးပါအုံး ဆရာမကြီး။

ဖြေ။ ဟုတ်ကဲ့ပါ။ ကျွန်မတို့က ဒီလုပ်ငန်းရှင်တွေအတွက် မှတ်ပုံတင်လုပ်ငန်းတွေ ဆောင်ရွက်ဖို့လိုပါတယ်။ မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ဖို့အတွက် လုပ်ငန်းရှင်ကိုယ်တိုင်က လိုအပ်တဲ့ အချက်အလက်တွေကို ယူဆောင်လာရမှာဖြစ်ပြီး ကျွန်မတို့က မြင်းကောင်ရေ(၅)ကောင်အားနဲ့အောက်ရဲ့ စက်မှုလုပ်ငန်းတွေနဲ့ အလုပ်သမားသုံးဦးအထက်ရှိတဲ့ လုပ်ငန်းတွေကို မှတ်ပုံတင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်ရှင်။

မေး။ အဲ့လိုဆိုရင် လုပ်ငန်းရှင်တွေအနေနဲ့ မှတ်ပုံတင်ဖို့အတွက် ဘယ်ဌာန၊ဘယ်နေရာဒေသတွေမှာ ဘယ်လို အချက်လက်တွေနဲ့ ဘယ်လိုမှတ်ပုံတင်ရမလဲဆိုတာလေး ဆရာမရှင်းပြပေးပါအုံး။

ဖြေ။ ဟုတ်ကဲ့ပါ၊ ကျွန်မတို့ဌာန၊ မကွေးတိုင်းအနေနဲ့ကတော့ တိုင်းဒေသကြီးရုံးအပါအဝင် သရက်ခရိုင်နှင့် မင်းဘူးခရိုင်ဆိုပြီး ခရိုင်ရုံးနှစ်ရုံးရှိပါတယ်။ ပခုက္ကူခရိုင်နှင့် မြို့နယ်အတွင်းက အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ချင်တယ်ဆိုရင် ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှာ လိုအပ်တဲ့ အချက်အလက်တွေကို မေးမြန်းစုံစမ်းနိုင်ပါတယ်။ အဲ့ဒီကျောင်းကနေ အစလပုံစံ-၁ ဆိုတာရှိပါတယ်။ အဲ့ဒီပုံစံတွေကို ဝယ်ယူပြီးတော့မှ လိုအပ်တဲ့ အချက်အလက်တွေ ဖြည့်ဆည်းပြီး တိုင်းရုံး၊ ခရိုင်ရုံးတွေကို တင်ပြရင် စစ်ဆေးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။

မေး။ ဟုတ်ကဲ့ပါ၊ လက်ရှိဆောင်ရွက်နေတဲ့ ပုံမှန်သင်တန်းတွေအပြင် စီမံကိန်းအရ ဆောင်ရွက်ရမယ့် သင်တန်းတွေရှိတယ်လို့လည်း သိရပါတယ်။ ဥပမာအားဖြင့် အစားအသောက်ထုတ်ကုန်နှင့်ပတ်သက်တဲ့ သင်တန်းတွေမျိုးပေါ့။ အဲ့ဒီအစားအသောက်ထုတ်ကုန်တွေ ဘေးကင်းဖို့အတွက် FDA က သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း ဓာတ်ခွဲစမ်းသပ်ဖို့ဆိုရင် ဆရာမကြီးတို့ဆီကို စားသောက်ကုန်ထုတ်တဲ့ သူတွေက ဓာတ်ခွဲစမ်းသပ်ဖို့အတွက် ဘယ်လိုပို့ဆောင်ပြီး ဓာတ်ခွဲဆောင်ရွက်ရမလဲဆိုတာလေးလည်း သိပါရစေခင်ဗျာ။

ဖြေ။ စားသောက်ကုန်လုပ်ငန်းတွေ ဘေးကင်းဖို့အတွက်ဆိုရင် အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ ဘေးကင်းဖို့ဆောင်ရွက်တဲ့အချိန်မှာ ဘယ်အချက်တွေလိုအပ်မယ်ဆိုတာ FDA နဲ့ညှိနှိုင်းပြီး ဖြစ်ပါတယ်။ ညှိနှိုင်းပြီးတော့မှရတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီးတော့ ဓာတ်ခွဲမှာဖြစ်ပါတယ်။ ကျွန်မတို့ မကွေးတိုင်းရုံးမှာ ဓာတ်ခွဲလို့ရသလို နေပြည်တော်ရုံးချုပ်နဲ့ ရန်ကုန်မှာရှိတဲ့ ဓာတ်ခွဲ ခန်းတွေကိုလည်း လိုအပ်တဲ့အချက်အလက်တွေကို ပို့ဆောင်ပြီး ဓာတ်ခွဲတာတွေလုပ်ပြီး ဘေးကင်းအောင် ဆောင်ရွက်လျက်ရှိပါတယ်။

မေး။ ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ထုတ်လုပ်လိုက်တဲ့ထုတ်ကုန်တွေကို ‌ဈေးကွက်တွေရဖို့၊ ရောင်းရဖို့အတွက်ဆိုရင် ဆရာမကြီးတို့ဌာနအနေနဲ့ ရှေ့ဆက်ကူညီ ဆောင်ရွက်ပေးနိုင်တဲ့ အချက်လေးတွေလည်း ပြောပြပေးပါအုံး။

ဖြေ။ အော် ဟုတ်ကဲ့ပါရှင်။ ကျွန်မတို့အနေနဲ့က လုပ်ငန်းရှင်တွေ ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်တွေ ဈေးကွက်ထဲ ရောက်ဖို့အတွက် နည်းပေါင်းစုံ ကြိုးစားဆောင်ရွက်ပေးနေပါတယ်။ ကျွန်မတို့ မကွေးတိုင်းရုံးအနေနဲ့က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရဲ့ ထုတ်ကုန်ပစ္စည်းတွေကို တင်ရောင်း ဖို့ဆိုပြီးတော့ မကွေးမြို့မှာရှိတဲ့ ဟိုတယ်တွေကို ချိတ်ဆက်ပြီးဆောင်ရွက်လျက်ရှိပါတယ်။ နောက်တစ်ခါ စားသောက်ကုန်ဈေးဆိုင်တွေမှာလည်း အသေးစားလုပ်ငန်းရှင်တွေထုတ်လိုက်တဲ့ ပစ္စည်းတွေ အာမခံချက်ရှိကြောင်း၊ ဓာတ်ခွဲစမ်းသပ်ပြီးဖြစ်ကြောင်းကို ဟိုတယ်တွေကို အသိပေးချိတ်ဆက်ပြီး ဈေးကွက်ထဲရောက်အောင် ဆောင်ရွက်လျက်ရှိပါတယ်ရှင်။

မေး။ နောက်တစ်ခုမေးချင်တာက ဆရာမကြီးတို့လုပ်ငန်းတွေထဲမှာ သုတေသနလုပ်ငန်းလည်း တစ်ခုအပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီတော့ သုတေသနလုပ်ငန်းတွေနှင့်ပတ်သက်ပြီးတော့ရော လက်ရှိဘာတွေ ဆောင်ရွက်နေတယ်ဆိုတာလေးလည်း ရှင်းပြပေးပါအုံးဗျာ။

ဖြေ။ ဟုတ်ကဲ့ပါရှင်။ သုတေသနလုပ်ငန်းတွေကတော့ နှစ်စဉ်ဆောင်ရွက်နေတာပါ။ မကွေးတိုင်း ရုံးအနေနဲ့ကတော့ အဓိကသီးနှံတွေကို တန်ဖိုးမြှင့်တဲ့ ပစ္စည်းတွေထုတ်နိုင်အောင် ဆောင်ရွက်နေပါတယ်။ မနှစ်ကဆိုရင် ကြက်သွန်နီကို စားသောက်ကုန်တွေ၊ လူသုံးကုန်တွေအဖြစ် စမ်းသပ်ဆောင်ရွက်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ရဲယိုသီးကို စမ်းသပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်တစ်ခါ ရက်ကန်း ကျောင်းတွေမှာလည်း ငှက်ပျောချည်နဲ့ရက်လုပ်တဲ့ ခန်းစည်းတွေကို Innovationအနေနဲ့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။  နှစ်စဉ်နှစ်တိုင်းမှာလည်း ရက်ကန်းကျောင်းတွေက ရက်ကန်းနဲ့ပတ်သက်တဲ့ လက်မှုထည် ပစ္စည်းတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်မတို့ တိုင်းရုံးနှင့် ခရိုင်ရုံးတွေကလည်း ဒီ Innovation ကိစ္စတွေကိုပဲ ဆန်းသစ်ပြီး ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

မေး။ ယနေ့ခေတ်နောက်ပိုင်းတွေမှာ အသေးစား၊အငယ်စား၊အလတ်စားလုပ်ငန်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်က ကူညီပံ့ပိုးတာတွေ၊ အားပေးနေတာတွေ ရှိနေတာကို တွေ့ရပါတယ်။ ဆရာမကြီးတို့ဌာနက အသေးစားစက်မှုလက်မှုလုပ်ငန်းဌာနလည်းဖြစ်တယ်၊ အဲ့ဒီလုပ်ငန်းတွေနှင့်ပတ်သက်ပြီးတော့ ဘာများ ဖြည့်စွက်အကြံပြုချင်ပါသေးလဲဗျာ။

ဖြေ။ ကျွန်မတို့ကတော့ နိုင်ငံတော်ရဲ့ စီးပွားရေးဦးတည်ချက်ထဲမှာပါတဲ့ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်ရေးအတွက် ဒေသထွက်ကုန်ကြမ်းတွေကို အခြေခံတဲ့အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း(MSME)များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီးတော့ နိုင်ငံ တော်ရဲ့ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ရေးဆိုတဲ့ ဦးတည်ချက်တွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မလို့ အဲဒီလုပ်ငန်းတွေအကုန်လုံးကို ပူးပေါင်းဆောင်ရွက်မယ်၊ အားတက်သရောပါဝင်ဆောင်ရွက်မယ်ဆိုရင်တော့ ကျွန်မတို့ဌာနရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အသေးစားစက်မှု လက်မှုလုပ်ငန်းများထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်ဖို့ အထောက်အကူဖြစ်စေမယ်ဆိုတဲ့ မျှော်မှန်းချက်နဲ့လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားချင်ပါတယ်ရှင်။

မေး။ ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် ဆရာမကြီးကို အထူးကျေးဇူးတင်ပါတယ်။

ဖြေ။ ကျွန်မကလည်း ဌာနရဲ့လုပ်ငန်းအကြောင်းတွေကို ကျေးလက်နေပြည်သူတွေ ကျယ်ကျယ် ပြန့်ပြန့်လေ့လာသိရှိနိုင်အောင် အသိပညာပေးဆွေးနွေးပြောကြားခွင့်ရတဲ့အတွက် ဆရာတို့ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။

တွေ့ဆုံမေးမြန်းသူ - ကိုဇော်(ဓာတု)

မှတ်တမ်းတင်ရိုက်ကူးသူ - ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)