ဘိုကလေးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့် သွင်းအားစုများ ပေးအပ်ပွဲကျင်းပ

ဘိုကလေး ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၁၀)နာရီအချိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနား ကျင်းပဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်နိုင်ငံ့စီးပွား မြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းရှင်များ တက်ရောက်ကြ သည်။

အခမ်းအနားတွင် ဖျာပုံခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းမှ နိုင်ငံအတွင်းရှိ အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများ တိုးတက်ရေး၊ စိုက်ပျိုးရေနှင့် မွေးမြူရေး ကဏ္ဍများ တိုးတက်မြင့်မားရေး၊ နိုင်ငံ့စီးပွား တိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်မှ ယခုကဲ့သို့ မတည်ထောက်ပံ့ရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ အနေဖြင့်လည်း ယခုမတည်ငွေများဖြင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေး ရည်ရွယ်ချက်အား အောင်မြင်ရေး ကြိုးစားဆောင်ရွက်ရန်လို အပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက မိမိတို့မြို့နယ်အတွက် လုပ်ငန်း(၁၉)ခုအား ခရိုင်၊ တိုင်းအလိုက် အဆင့်ဆင့် တင်ပြဆောင်ရွက်ခဲ့ ရာ စီစစ်ဆောင်ရွက်ချက်များအရ စိုက်ပျိုးရေးကဏ္ဍအတွက် လုပ်ငန်း(၇)ခု၊ မွေးမြူရေးကဏ္ဍ အတွက် လုပ်ငန်း(၈)ခု၊ အသေးစား၊ အလတ်စား စက်မှုလက်မှုကဏ္ဍ (MSME) အတွက် လုပ်ငန်း (၂)ခု၊ စုစုပေါင်းလုပ်ငန်း(၁၇)ခုအား ခွင့်ပြုရရှိခဲ့ကြောင်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ဆန်စက် လုပ်ငန်းရှင်များအား ဦးတည်ကာ မျိုးသန့်စပါး ဝယ်ယူဖြန့်ဖြူးရေးလုပ်ငန်း၊ မွေးမြူရေးကဏ္ဍ တွင် အသားတိုးဝက်၊ ဥစားဘဲ၊ ငါး၊ ဆိတ်စသော မွေးမြူရေးလုပ်ငန်းများ၊ အသေးစား၊ အလတ်စား စက်မှုလက်မှုကဏ္ဍ (MSME) တွင် သုံးထောင့်မုန့်လုပ်ငန်းနှင့် ဓနိဖူးခြောက် ရေနွေးကြမ်း၊ ဆပ်ပြာလုပ်ငန်း များအတွက် မတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများမှ ဘိုကလေးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍ လုပ်ငန်း(၇)ခု၊ မွေးမြူရေးလုပ်ငန်း(၈)ခုနှင့် အသေးစား၊ အလတ်စား စက်မှုလက်မှု ကဏ္ဍ (MSME) လုပ်ငန်း(၂)ခု ၊စုစုပေါင်း လုပ်ငန်း(၁၇)ခုအတွက် မတည်ထောက်ပံ့ငွေပေါင်း (၂၃၁.၂၅) ကျပ်သန်းအား လုပ်ငန်း ရှင်များထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)