ကျောင်းကုန်းမြို့၌ ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခပ်ခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ကျောင်းကုန်း ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် အဘိတ်ဆေးခပ်ခြင်းနှင့်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈း၃၀ နာရီအချိန်ခန့်က ပြုလုပ်ခဲ့ကြသည်။

ကျောင်းသား/ကျောင်းသူများ သွေးလွန်တုပ်ကွေးအန္တရာယ်နှင့် ငှက်ဖျားရောဂါ ကင်းဝေးစေရေးအတွက် အမှတ်(၁)အခြေခံပညာအထက်တန်း‌ကျောင်း၊ "စေတနာ*မူလတန်းကြိုကျောင်း၊ အောက်ပိုင်း အခြေခံပညာအထက်တန်းကျောင်း (ခွဲ) နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း အဘိတ်ဆေးခတ်ခြင်းလုပ်ငန်း၊ အသိပညာပေးဟောပြောပွဲနှင့် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းတို့ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌဒေါ်ယဉ်ယဉ်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက အဘိတ်ဆေးခပ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း၊ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းနှင့် အသိပညာပေးဟောပြောပွဲတို့ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)