ဒေးဒရဲမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါးစိုက်ပျိုးထုတ်လုပ်ပြီးစီးမှုနှင့် မိုးစပါးစိုက်ဧကများအား သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာများ အချိန်မီထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းတွင်ကျင်းပပြုလုပ်ခဲ့ရာ ဖျာပုံခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးသည့် တောင်သူများ အထွက်နှုန်းတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါးစိုက်ပျိုးထုတ်လုပ်မှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝယ်ယူကြိတ်ခွဲရေးအဖွဲ့မှ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်သို့ပေးသွင်းရန်ရှိသည့်ဧကများအား သတ်မှတ်ရက်အတွင်း ပေးသွင်းကြရန်နှင့် အခက်အခဲများကိုတင်ပြပေးကြရန်ဆွေးနွေးခဲ့ပြီး ဖျာပုံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်အေးအေးခိုင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ဧက (၂၀၆၀၀) စိုက်ပျိုးထုတ်လုပ်ခဲ့ပြီး တောင်သူများကဝယ်ယူကြိတ်ခွဲရေးအဖွဲ့သို့ ပေးသွင်းမှု၊ ဝယ်ယူကြိတ်ခွဲရေးအဖွဲ့က နိုင်ငံတော်သို့ပေးသွင်းပြီးသည့် ဧကများအားရှင်းလင်းဆွေးနွေးခဲ့ရာ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါ်နီနီမိုးကစာချုပ်ပါသတ်မှတ်ရက်အတွင်း နိုင်ငံတော်သို့ ပေးသွင်းပေးသွားမည့် အခြေအနေများနှင့် လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ တင်ပြဆွေးနွေးရာ ဖျာပုံခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်လင်းက သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် မိုးစပါးစိုက်ပျိုးမည့်ဧက (၁၇၄၉၃၀) အား တစ်ဧက စပါး(၁၀)နှုန်း ပိုမိုတိုးထွက်ရေးအတွက် နည်းပညာများဖြန့်ဝေခြင်းနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း