သံပုရာသီးဈေးကောင်းရ၍ စိုက်ပျိုးတောင်သူများအဆင်ပြေ

မြင်းမူ ဇွန် ၈

စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း မိမိမြေပေါ်မူတည်၍ သီးနှံပင်များကို ရွေးချယ်စိုက်ပျိုးလျက်ရှိကြရာ ရွာသာလေးကျေးရွာတွင် စိုက်ပျိုးထားရှိသည် (သံပုရာ) မြန်မာမျိုးပင်များမှာ အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး ယခုအခါ ခူးယူ‌ရောင်းချလျက်ရှိကြောင်း သိရသည်။

သံပုရာပင်စိုက်ပျိုးရာတွင် (၁၅)ပေ၊ (၁၂)ပေ ၊(၁၀)ပေ ပတ်လည်ပင်ကြားထား၍ နှစ်သက်ရာအတိုင်း စိုက်ပျိုးနိုင်ကြောင်း၊ (၂)ပေ ပတ်လည်ကျင်းတူးပြီး မြေဆွေး ရောရာမြေကို ကျင်းအနက် (၄)လက်မလျှော့၍ မြေထည့်သွင်းကာ(၁)ပတ်ခန့် ရေလောင်းပေးပြီး စတင်စိုက်ပျိုးနိုင်ကာ ရေသွင်းစိုက်ပျိုးပါက နှစ်ပေါက် အသီး ရရှိနိုင်ကြောင်းနှင့် (၁)ဧကလျှင် အပင်(၃၀၀)ဝင်ဆံ့ပြီး တစ်ပင်လျှင် ပျှမ်းမျှအလုံးရေ(၃၀၀)နှင့် (၅၀၀)ကြားရရှိကြောင်း သံပုရာခြံပိုင်ရှင် ကိုသီဟထံမှ သိရသည်။

ယခုဆွတ်ခူး‌ရောင်းချလျက်ရှိသည့် သံပုရာသီးကို အသေးနှင့် အကြီး (၂)မျိုးခွဲကာ ရောင်းချလျက်ရှိပြီး အကြီး(၁)လုံလျှင်(၁၀၀)နှင့် အသေး(၁)လုံးလျှင် ငွေကျပ် (၇၀)ဖြင့် ရောင်းချရကာ အပင်ပြုစုနိုင်သည့်အပေါ် အသီးများပိုမိုရရှိကြောင်း သိရသည်။

အောင်စိုးဖေ (မြင်းမူ)