လွိုင်ကော် ဇွန် ၈
ကယားပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ထမ်းများ၏သားသမီးများအတွက် ပညာသင်စရိတ်၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်နှင့် ပြည်သူများ၏အနာဂတ်ဘဝ မြင့်မားတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်ရာ တွင် ပညာရေးသည် အဓိကကျကြောင်း၊ ယခုကဲ့သို့ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ် ရခြင်းမှာ ကျောင်းဖွင့်ကာလတွင် ဝန်ထမ်းသားသမီးများ စိတ်ချမ်းသာစွာ ပညာသင်ကြားနိုင်ရေး အထောက်အကူပြုစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်း မိဘများအနေဖြင့် မိမိတို့သား၊ သမီးများ၏အနာဂတ်ကောင်းမွန်စေရန် အခြေခံပညာအဆင့်မှ တက္ကသိုလ်ပညာအဆင့်ထိ ပညာအမွေပေးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးကြရန်၊ အနာဂတ်တွင် နိုင်ငံတော်အတွက် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေးအတွက် ပြုစုပျိုးထောင်ပေးကြရန်နှင့် သားငယ်၊ သမီးငယ်များကလည်း စည်းကမ်းကောင်းမွန်သည့် ဘက်စုံထူးချွန်သော မောင်/မယ်များ ဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်အစိုးရအဖွဲ့ရုံး ဝန်ထမ်းများ၏ ကျောင်းနေ သား၊ သမီး(၃၂၉)ဦးအား ပညာသင်စရိတ်၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံး စာရေးကိရိယာပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ကျောင်းသားမိဘများကိုယ်စား မိဘတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝန်ထမ်းများနှင့် ဝန်ထမ်း သား၊ သမီးများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် စကားပြောကြားခဲ့ကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)