ဖောင်းပြင် ဇွန် ၈
ဖောင်းပြင်မြို့နယ်တွင် ဒေသထွက်သရက်သီးအမှည့်များ မပေါ်မီ မန္တလေး၊ မုံရွာမြို့တို့ရှိ သရက်သီး ပွဲရုံများမှ စိန်တလုံး၊ မင်းကြီးလက်ရုံး၊ ရွှေဟင်္သာ၊ ပတ္တမြား ငမောက်စသော သရက်သီးအမှည့်များကို မှာယူရောင်းချကြရာ ဈေးကောင်းရရှိပြီး အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
ဒေသထွက် သရက်သီးများဖြစ်သည့် ရင်ကွဲသရက်၊ ထောပတ်သရက်၊ မချစ်စုသရက်တို့မှာ နှစ်စဉ် ဇွန်လ တတိယပတ်၌သာ မှည့်လေ့ရှိကြသောကြောင့် လတ်တလောတွင် စားသုံးသူများအနေဖြင့် စောလျင်စွာမှည့်ပြီး အခြားဒေသမှထွက်ရှိသော စိန်တလုံး၊ မင်းကြီးလက်ရုံး၊ ရွှေဟင်္သာ၊ ပတ္တမြား ငမောက်အစရှိ သော သရက်သီးများကို ဝယ်ယူစားသုံးကြသည့်အတွက် အရောင်းသွက်လျက်ရှိ ကြောင်း သိရသည်။
"ဖောင်းပြင်မြို့မှာ စိန်တလုံး၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ မင်းကြီးလက်ရုံးအစရှိတဲ့ သရက်သီးတွေ ကို လေးလပိုင်းကတည်းက မှာယူရောင်းချရပါတယ်။ လက်ရှိမှာတော့ အရောင်းသွက်ဆဲပါပဲ။ နှစ်ရက်အတွင်းမှာ အလုံးရေတစ်ရာပါတဲ့ ခြင်းတစ်လုံးစီတော့ ကုန်အောင်ရောင်းနေရပါတယ်။ "ဟု သစ်သီးဝလံများ ရောင်းချသူက ပြောပြသည်။
ယင်းသရက်သီး အမှည့်များမှာ အနံ့အရသာကောင်းမွန်ခြင်းကြောင့် ဝယ်ယူစားသုံးသူများ ကြိုက်နှစ်သက်ကြကြောင်း၊ စိန်တလုံးနှင့် ရွှေဟင်္သာ အလုံးကြီး တစ်လုံးလျှင် ၁၅၀၀ ကျပ်၊ ပတ္တမြားငမောက် အလုံးကြီး တစ်လုံးလျှင် ၂၅၀၀ ကျပ်၊ မင်းကြီးလက်ရုံး အလုံးကြီးတစ်လုံးလျှင် ၂၀၀၀ ကျပ် အသီးသီး ရောင်းချရ ကြောင်း သိရသည်။
ကိုထွန်း(ဖောင်းပြင်)