ပုသိမ်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေဖြင့်ဆောင်ရွက်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူများအား မတည်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ

ပုသိမ် ဇွန် ၈

နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေဖြင့်ဆောင်ရွက်သော စိုက်ပျိုးရေ၊ မွေးမြူရေး၊ စီးပွားရေး ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်တောင်သူများအား မတည်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်အဆင့်နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကိုက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထူထောင်၍ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ငါးလုပ်ငန်း၊ သမဝါယလုပ်ငန်း၊ ၎င်းတို့နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့များသို့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထောက်ပံ့ပေးအပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအတွက် ကျပ်(၈)ဘီလီယံ ချထားပေးခဲ့ကြောင်း၊ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ် (၄) မြို့နယ်အတွက် (၁) ဘီလီယံချထားပေးခဲ့ရာ တစ်မြို့နယ်လျှင် ကျပ်သန်း(၂၅၀)စီခွဲဝေချထားပေးခဲ့ပြီး ပုသိမ်မြို့နယ်အတွက် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် သမဝါယမကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်သန်း (၂၅၀) မတည်ရန်ပုံငွေအဖြစ်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပုသိမ်ခရိုင်စိုက်ပျိုးရေးဦးစီးမှူးမှ စိုက်ပျိုးစရိတ်ထောက်ပံ့ခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ၊ မျိုးစေ့ထုတ်ကဏ္ဍ၊ မွေးမြူရေးကဏ္ဍစသည်ဖြင့် ခွဲခြား၍ ပေးအပ်ခဲ့ကြောင်း ရှင်းလင်းပြောကြားကာ တောင်သူများအနေဖြင့် နွေ၊ မိုး၊ ဆောင်းစပါးချေးငွေများ‌ ပြေကျေေအောင်ပေးဆပ်နိုင်သူများကိုသာ နိုင်ငံတော်မှဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်ကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကိုက စိုက်ပျိုးရေးကဏ္ဍအတွက် မတည်ထောက်ပံ့ငွေများကိုလည်းကောင်း၊ မြို့နယ်ကော်မတီဥက္ကဌ ဦးအောင်ကျော်ဦးက မွေးမြူရေးကဏ္ဍအတွက် မတည် ထောက်ပံ့ငွေများကိုလည်းကောင်း၊ ခရိုင်လုပ်ငန်းကော်မတီအတွင်းရေးမှူးက သမဝါယမကဏ္ဍအတွက် မတည်ထောက်ပံ့ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြ​ပြီး စိုက်ပျိုး/မွေးမြုရေး တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

မြင့်ဟန်

ပုသိမ်ခရိုင် (ပြန်\ဆက်)