ပွင့်ဖြူမြို့နယ်၌ ကျန်းမာရေး ဆိုးကျိုးဖြစ်စေမည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေး အသိပညာပေး

ပွင့်ဖြူ ဇွန် ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌အစားအစာဘေးကင်းလုံခြုံစေရန်နှင့် စနစ်တကျ ဝယ်ယူစားသုံးတတ်စေရန် ရည်ရွယ်၍ ဇွန် ၆ ရက် ညနေ ၃ နာရီခွဲအချိန်က မြို့မစည်ပင်သာယာဈေးနှင့်ရပ်ကွက်များရှိ ကုန်စုံပစ္စည်းအရောင်းဆိုင်များသို့သွားရောက်ပြီး လုပ်ငန်းရှင်များကိုတွေ့ဆုံ၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ရောင်းချခြင်းမပြုရန် တားမြစ်ထားသော ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချခြင်းမပြုရေး ကွင်းဆင်းစစ်ဆေးအသိပညာပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဈေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့သွားရောက်ပြီး ဈေးအတွင်းအပြင်ရှိ လူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်း အရောင်းအဆိုင်များသို့သွားရောက်ပြီး လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ပြည်သူများထံလူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် ကျန်းမာရေး ဘေးကင်းလုံခြုံစေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းများမပြုရန်၊ သက်တမ်းလွန်နေသော အစားအသောက်များရောင်းချခြင်းမပြုရန်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ  ဓာတ်ခွဲစစ်ဆေးချက်အရ ဓာတုဆေးဝါး Rhodamine-B ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိထားသည့်  Vongee Eyeshadow Palette 18g အမှတ်တံဆိပ်ပါ ထုတ်ကုန်ပစ္စည်းအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမပြုရေး စသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အကြံပြုဆွေးနွေးကာ ရောင်းချခြင်းမပြုရန် တားမြစ်ထားသော လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းအား စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က လူသုံးကုန်ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များတွင် ပြည်သူများအတွက် ကျန်းမာရေးဘေးကင်းလုံခြုံစေရန် ရောင်းချခြင်းမပြုရန်တားမြစ်ထားသော ကုန်ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။ 

ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ သက်ရှည်ကျန်းမာစေရန်နှင့် ကျန်းမာရေးအတွက် ဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က မြို့မစည်ပင်သာယာ ဈေးအပါအဝင်မြို့နယ်အတွင်းရှိ လူသုံးကုန်၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကိုသွားရောက်ကာ လုပ်ငန်းရှင်များအားတွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများနှင့်စပ်လျဉ်းပြီး လိုက်နာရမည့်စည်းကမ်းချက်များကို အသိပညာပေးဆွေးနွေးခြင်း၊ ရောင်းချခြင်းမပြုရန် တားမြစ်ထားသောလူသုံးကုန်၊ ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/မရှိ ကြပ်မတ်စစ်ဆေးခြင်းတို့ကို အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံ ဒေါ်ဌေးဌေးဝင်းက ပြောပြာ၍ သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)