မင်းလှမြို့၌ သရက်ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီမှ စီမံကိန်းလုပ်ငန်းများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား ကျင်းပ

အထက်မင်းလှ ဇွန် ၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သရက်ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ကြီးကြပ်မှုကော်မတီမှ စီမံကိန်းလုပ်ငန်းများ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် သရက်ခရိုင်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေအား အရင်းမပျောက် လည်ပတ်ရန်ပုံငွေအဖြစ် ထူထောင်ခြင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ အသေးစားအငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရန်၊ စီမံကိန်းလုပ်ငန်းများအား တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့စနစ်ဖြင့်သော်လည်းကောင်း၊ သမဝါယမအသင်းများဖြင့်သော်လည်းကောင်း ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိသားစုဝင်ငွေတိုးပွားစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်၊ ဒေသထွက်ကုန်အပေါ် အခြေခံသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဘဏ္ဍာငွေအရင်းအမြစ် စဉ်ဆက်မပြတ်ရရှိစေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် လည်ပတ်ရန်ပုံငွေပမာဏကို ထပ်မံတိုးပွားစေပြီးလုပ်ငန်းများ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်၊ ဒေသတွင်း စာရေရိက္ခာဖူလုံစေရန်နှင့် ဒေသဖွံ့ဖြိုးမှုကို အထောက်အကူပြုရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က၊ ကဏ္ဍအလိုက်ချေးယူမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် ခရိုင်၊ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။ ယင်းနောက်  အခမ်းအနားတက်ရောက်လာသူများက စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ရာ သရက်ခရိုင် နိုင်ငံ့စီးပွားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)