ပုသိမ်မြို့၌ သူနာပြုနှင့် သားဖွား သင်တန်းကျောင်း အပတ်စဉ် (၃၇) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကျင်းပ

ပုသိမ် ဇွန် ၈

ပုသိမ်မြို့၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ အပတ်စဉ်(၃၇) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်း က ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ များနှင့် သင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ခဲ့ကြသည်။

ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် လိုအပ်‌သည့် နေရာများ၌ သူနာပြုနှင့်သားဖွားများ ဖြည့်တင်းပေးနိုင်ခြင်းသည် တိုင်းဒေသကြီးအတွက် ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ သင်တန်းပြီးဆုံး၍ မိမိတို့တာဝန်ကျရာ ဒေသအသီးသီးကိုရောက်ရှိ တာဝန် ထမ်းဆောင်သည့်အခါ ဒေသခံပြည်သူလူထုက အားကိုးတကြီး မျှော်လင့်နေကြသည်ကို တွေ့မြင်ရမှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၌ ပုသိမ်ပြည်သူ့ဆေးရုံ ၉ ထပ်တိုးချဲ့ဆောင်ကြီးလည်း ထွက်ပေါ်လာပြီးဖြစ်၍ ပြည်သူလူထုအနေဖြင့် အားကိုးတကြီးဖြင့် လာရောက် ဆေးကုသခံယူနေကြသည်ကိုလည်း တွေ့မြင်ရပြီး ကျန်းမာရေးစောင့်ရှောက်မှု သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိရာ စာတွေ့လက်တွေ့ဖြင့် စနစ် တကျ လေ့ကျင့်သင်ယူကြရပြီး အရည်အသွေးပြည့်ဝသည့် လူစွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးလျက်ရှိပါကြောင်း၊ Florence Nightingale ဆုရှင် (၄) ဦးထဲတွင် အပါအဝင်ဖြစ်သော ဦးစနိုင်နိုင်ထွန်းသည် ပုသိမ်သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ မွေးထုတ်ပေးလိုက်သော သူနာပြုဆရာတစ်ဦးပင် ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ပြည်သူကြားက ပေါက်ဖွားလာသည့်သင်တန်းသား၊ သင်တန်းသူများသည် ပြည်သူတွေကို ကူညီစောင့်ရှောက်ပေးနိုင်ဖို့အတွက် ရှေးကစံပြ ပုဂ္ဂိုလ်များကို နမူနာယူပြီး တွေ့ကြုံလာသမျှ အခက်အခဲများကို ကြံ့ကြံ့ခိုင်ရင်ဆိုင်ရင်း သင်တန်းပြီးမြောက် အောင်မြင်အောင် တက်ရောက်သွားကြဖို့ မှာကြား လိုပါကြောင်း၊ မိမိတို့ Profession ဖွံ့ဖြိုး တိုးတက်ဖို့ အတွက် (Personal Development) မှသည် (Professional Development) သို့ ဦးတည် ဆောင်ရွက် ကြရန်နှင့် မိမိတို့၏ အသက်မွေးဝမ်းကျောင်း ပညာရပ် (Nursing Profession)ကို ပြည်သူလူထုမှ အားကိုးယုံကြည်ပြီး မွန်မြတ်သော လုပ်ငန်းအဖြစ် ဆက်လက် တည်တံ့အောင် ဆောင်ရွက်ကြစေလိုကြောင်း၊ သင်တန်းပြီးဆုံးသည့် အခါမှာလည်း နေရာ ဒေသမရွေး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆထက် ထမ်းပိုး သယ်ပိုးဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း” အမှာ စကားများ ပြောကြားခဲ့သည်။

ဆက်လက်၍    သူနာပြုနှင့် သားဖွားသင်တန်းကျောင်း၊  ပြည်သူ့ကျန်းမာရေး‌ဦးစီးဌာ၊ ပုသိမ် ပြည်သူ့‌ဆေးရုံ၊ တိုင်းဒေသကြီး ကုသရေးဦးစီးဌာတို့မှ တာဝန်ရှိသူ များက  သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက သူနာပြုသစ္စာအဓိဋ္ဌာန်များ ရွတ်ဆိုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ပြီး သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ ပုသိမ်မြို့ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ကြောင်းသိရသည်။ အဆိုပါ အခမ်း အနား၌ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းခံရသည့် ပထမနှစ် သင်တန်းသား၊ သင်တန်းသူ (၉၅)ဦး ရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)