ကြံခင်းမြို့နယ် ရေလယ်ကျွန်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံဖြိုးရေး လုပ်ငန်းများဆောင်ရွက်

ကြံခင်း ဇွန် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ယမန်နေ့ နံနက်ပိုင်းက ရေလယ်ကျွန်းကျေးရွာအုပ်စုရှိ ကုန်းမြင့်ဆောင်တွင် ဒေသခံပြည်သူများဖြင့် တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များက ဒေသနေပြည်သူများဖြင့် တွေ့ဆုံပြီး လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကိစ္စရပ်များ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ လမ်းတံတားနှင့်ပတ်သက်ပြီး ကျေးလက် ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံဖြိုးရေးလုပ်ငန်းများအတွက် တင်ပြချက်၊ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထိုနောက် ကျေးလက်ဒေသနေပြည်သူများအား မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးကုသပေးခြင်းနှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရေလယ်ကျွန်းကျေးရွာဘုန်းတော်ကြီးကျောင်း ဆရာတော်အားလှူဖွယ်ဝတ္ထုဆက်ကပ်ပြီးနောက် အခြေခံ ပညာ  မူလတန်းကျောင်း အား ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)