သာပေါင်း ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းတတ်ရောက်မည့် သင်တန်းသားများအတွက် ရရှိမည့်အခွင့်အလမ်းများအကြောင်း သိကောင်းစရာအသိပညာပေး (Talk Show) ကို ယမန်နေ့ မွန်းလွှဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းမှ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းတတ်ရောက်မည့် သင်တန်းသားများအတွက် ရရှိမည့်အခွင့်အလမ်းများအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးမှူးဒေါက်တာကျော်လင်းမှ "၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ (GRADE-9) အောင်မြင်ပြီးသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ မအူပင်ခရိုင်၊ ညောင်တုန်းမြိုနယ်၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်နှင့်မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်းများတွင် စတင်ဖွင့်လှစ်မယ့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းတွေမှာ ဝင်ရောက်လျှောက်ထားနိုင်ပါကြောင်း၊ တက်ရောက်လျှောက်ထားမယ့် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းတွေမှာ (၃) နှစ်တက်ရောက်ပြီး စက်မှုဘာသာရပ်ကို အထူးပြုလျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးအောင်မြင်ပါက အစိုးရနည်းပညာတက္ကသိုလ် (၅) နှစ်သင်တန်းကျောင်းကိုလည်းကောင်း၊ အဆင့်မီအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းကိုလည်းကောင်း၊ ရိုးရိုးအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းနှင့် သက်ဆိုင်ရာဌာနများတွင်လည်းကောင်း လျှောက်ထားနိုင်ပါကြောင်း၊ စိုက်ပျိုးရေးဘာသာရပ်ကို အထူးပြုလျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးအောင်မြင်ပါက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (၄) နှစ်သင်တန်းကျောင်းကိုလည်းကောင်း၊ အဆင့်မီအောင်မြင်သည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိုက်ပျိုးရေးသိပ္ပံကျောင်းကိုလည်းကောင်း၊ ရိုးရိုးအောင်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းနှင့်သက်ဆိုင်ရာဌာနများတွင်လည်းကောင်း လျှောက်ထားနိုင်ပါကြောင်း၊ မွေးမြူရေးဘာသာရပ်ကိုအထူးပြုလျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အထူးအောင်မြင်ပါက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် (၆) နှစ်သင်တန်းကျောင်းကိုလည်းကောင်း၊ အဆင့်မီအောင်မြင်သည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မွေးမြူရေးဒီပလိုမာသင်တန်းကျောင်းကိုလည်းကောင်း၊ ရိုးရိုးအောင်မြင်သည့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ပိုင်လုပ်ငန်းနှင့် သက်ဆိုင်ရာဌာနများတွင်လည်းကောင်း လျှောက်ထားနိုင်ပါကြောင်း၊ တက်ရောက်သင်ကြားလိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နီးစပ်ရာ အခြေခံပညာအထက်တန်းကျောင်းများနှင့် သက်ဆိုင်ရာဌာနများတွင် သွားရောက်လျှောက်ထားနိုင်ပါကြောင်း "ရှင်းလင်းဆွေးနွေးအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း
သာပေါင်း (ပြန်/ဆက်)