ကန့်ဘလူမြို့တွင် သရက်ပြား ပြုလုပ်ရောင်းချခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိ

ကန့်ဘလူ ဇွန် ၈

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် သရက်သီးများ အများအပြားပေါ်ချိန် ရောင်းတန်းမဝင်သည့် သရက်သီးအမှည့်များအား သရက်ပြားပြုလုပ်ရောင်းချ ခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သရက်ပြားပြုလုပ်ရောင်းချသူများထံမှ သိရသည်။

ယခုလိုသရက်သီးများ အများအပြားပေါ်ချိန်တွင် ရောင်းတန်းမဝင်သည့် သရက်သီးအမှည့်များ၊ အမှည့်လွန်သရက်သီးများ (ပိုးကျသည့် သရက်သီးများမပါ)၊ ဝယ်သူစိတ်ကြိုက် ရွေးချယ်ဝယ်ယူပြီး ကျန်ရှိနေသော သရက်သီးများအား အသားကိုခြစ်ယူ၍ ဒယ်အိုးထဲထည့်၍ မီးဖိုတွင်တင်ကာ မီးဖြင့်အပူပေး၍ အမြဲမပြတ် မွှေပေးရကြောင်း၊ မိမိစိတ်ကြိုက်ရရှိချိန်တွင် မီးဖိုမှချ၍ အဆိုပါ သရက်သားများကို မကပ်စေရန် ဆီသုတ်လိမ်းထားသည့် ပလပ်စတစ်ပေါ်သို့ လောင်းချကာ ခပ်ပါးပါးဖြစ်အောင် ပြုလုပ်ပြီး နှစ်နေခန့် (နှစ်ရက်ခန့်) နေလှန်းခြင်းဖြင့် အနံ့အရသာနှင့် ပြည့်စုံ သော သရက်ပြားများကို ရရှိကြောင်း သိရသည်။

ထိုသို့ပြုလုပ်ထားသော သရက်ပြားများကို ဒေသတွင်းအပြင် ပေါက်ခေါင်းသို့ကာဖြင့် အဓိကတင် ပို့ရောင်းချကြောင်းနှင့် သရက်ပြား တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ရရှိကြောင်းနှင့် အသားခြစ်ယူ ထားသော သရက်စေ့များကို အိတ်များဖြင့်ထည့်ကာ ပြုစုပျိုးထောင်ပြီး အပင်ပေါက် တစ်ပင်လျှင် ငွေကျပ် ၂၅၀၀/၃၀၀၀ ခန် ရောင်းချနိုင်ကြောင်း အမှတ်(၄)ရပ်ကွက်နေ ဦးမျိုးနိုင် (သရက်ပြား ပြုလုပ်ရောင်းချသူ) ထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)