ကန့်ဘလူခရိုင်၌ မိုးရာသီသီးနှံစုံဧက ၆၈၉၀၀၀ ကျော် လျာထားစိုက်ပျိုးမည်

ကန့်ဘလူ ဇွန် ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် စိုက်ပျိုးရေးကို အဓိကအား ထားလုပ်ကိုင်ကြသူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်းရာသီအလိုက် သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။ ယခုနှစ်မိုးရာသီတွင် ဆည်ရေ သောက်၊ ချောင်းပိတ်၊ မြောင်းပိတ်၊ လျှပ်စစ်ရေတင်၊ မိုးကောင်းသောက်ရေနှင့် မြေအောက် ရေတင်စနစ်များဖြင့် ခရိုင်အတွင်းရှိမြို့နယ်များတွင် မိုးရာသီသီးနှံစုံ ၆၈၉၇၆၃ ဧကကို လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့တွင် မိုးရာသီသီးနှံစုံ အမျိုး အစားအလိုက် လျာထားဧကများမှာ မိုးစပါးသီးနှံလျာထားဧက ၁၇၄၆၀၇ ကိုလည်းကောင်း၊ ပဲမျိုးစုံ (ပဲတီစိမ်း၊ ပဲစင်းငုံ၊ စွန်တာပြာ စသည်) လျာထားဧက ၂၄၆၆၅၂ ဧကကိုလည်းကောင်း၊ ဆီထွက်သီးနှံ (မြေပဲ၊ နေကြာ) လျာထားဧက ၅၉၃၀၀ ဧကကိုလည်းကောင်း၊ ကြံသီးနှံလျာထား ဧက ၁၁၀၁၀ ဧကကိုလည်းကောင်း၊ ဝါသီးနှံလျာထားဧက ၅၅ ဧကကိုလည်းကောင်း၊ စားဖိုဆောင် သီးနှံလျာထားဧက ၁၅ ဧကကိုလည်းကောင်း၊ အခြားသီးနှံလျာထားဧက ၁၅၉၉၀၆ ဧကကို လည်းကောင်း၊ နှစ်ရှည်ပင်လျာထားဧက ၃၇၀၁၃ ဧကကိုလည်းကောင်း စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။

ကန့်ဘလူခရိုင်၌ ယခုနှစ်မိုးရာသီ သီးနှံစုံစိုက်ပျိုးရာတွင် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လယ်ယာမြေစာရင်းအင်းနှင့် စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများက အဆင့်ဆင့်တာဝန်ခွဲဝေ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လိုအပ်ပါက ခရိုင်နှင့်မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနရုံးများသို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

ယခုနှစ်မိုးရာသီ သီးနှံများစိုက်ပျိုးရာတွင် မိုးစပါးသီးနှံများကို ဇွန်လလယ်တွင်စတင်စိုက်ပျိုးသွား နိုင်ရန်စီမံဆောင်ရွက်လျက်ရှိပြီး ပဲမျိုးစုံသီးနှံများ၊ ဆီထွက်သီးနှံ များနှင့် အခြားသီးနှံများကို မေလကစတင်စိုက်ပျိုး ဆောင်ရွက်လျက်ရှိကာ ယမန်နှစ်က မိုးရာသီသီးနှံစုံ ၆၃၇၉၆၃ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)