လက်ပံတန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ပညာရေးဌာန၊ Book Club ၊ Youth Club အဖွဲ့တို့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

လက်ပံတန်း ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ ဝါသနာတူ လူငယ်များအသင်း (Youth Club)၊ ပညာရေးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာ မောင်ငြိမ်းသူ(ကြို့ပင်ကောက်)ရေးသားသည့်“ပန်းလည်းလှစေ ပျားလည်းဝစေ” စာအုပ်အား ယမန်နေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာလက်ပံတန်းမြို့နယ် စာပေချစ်သူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးမြင့်သိန်း၊ စာရေးဆရာ မြင့်သိန်း(ရွှေတောင်-ချည်/ထည်/ချော)က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းက လူငယ်လူရွယ်များ အနေဖြင့် ပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စွာအသုံးပြု၍ အသိပညာဗဟုသုတပြန့်ပွားရေး၊ စာပေဖတ်ရှုမျှဝေဆွေးနွေးနိုင်ရေးအတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်(Book Club)ဥက္ကဋ္ဌ ဦးမြင့်သိန်းက “ညီတော်အာနန္ဒာရဲ့ ဥပဋ္ဌာက ဘဝကို အားကျ အတုယူ ပြုပြင်ကြစေချင်”ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး အ.ထ.က(အထက-၃)မှ ဆရာမဒေါ်သန္တာမြင့်က “ပန်းလည်းလှစေ ပျားလည်းဝစေ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက-၁မှ ဆရာဦးညီဝင်းနိုင်က “စာဖတ်ခြင်းနှင့်ကြီးမြတ်သောလူမျိုး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသင်းဝင်များဖြစ်သည့် ဦးစောမြင့်က “အကြောက်တရားနှင့်မကြောက်တရား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ညိုညိုတင့်က “အနှစ်သဘောချင်းတူညီတဲ့စာပေဟောပြောပွဲ” စသည့် ခေါင်းစဉ်များဖြင့် အသီးသီးဖတ်ကြားဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည့် အကြောင်းအရာများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)