အခြေခံပညာကျောင်းများသို့ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ပန်းတောင်း ဇွန် ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နေ့လယ်က အ.လ.က (ဝန်လို)ကျောင်းတွင် အသိပညာပေးဟောပြောခဲ့သည်။

အဆိုပါအသိပညာပေး ဟောပြောမှု အစီအစဉ်တွင် အ.လ.က(ဝန်လို)ကျောင်းမှ ကျောင်းသားကျောင်းသူများအား မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေခိုင်ဆက်က သဘာဝ ဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်မှုများ၊ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက မည်သို့နေထိုင်ပြုမူ စားသောက်ရမည်ကိုလည်းကောင်း၊ သဘာဝ ဘေးအန္တရာယ်ကျရောက်ပြီးပါက မည်သို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ကျောင်းသား/သူများအား ကျောင်းဖွင့်စမှစ၍ ကျောင်းစာများကို တစ်နေ့စာတစ်နေ့ ပုံမှန်ကျက်မှတ်သွားကြရန်၊ ဆရာ ဆရာမများ၏ဆိုဆုံးမမှုများကို လေးစားလိုက်နာဆောင်ရွက်ကြရန်၊ ပြင်ပဗဟုသုများ ရရှိရန်အတွက်လည်း ကျောင်းပိတ်ရက်များတွင် စာကြည့်တိုက်မှစာအုပ်များ သွားရောက်ဖတ်ရှုကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် ဗဟုသုတအကြောင်းအရာများကို ဗဟုသုတဖြစ်ဖွယ် အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)