လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၉/၂၃) သင်တန်းသား၊ သင်တန်း သူများအားကြိုဆို

ဘားအံ ဇွန် ၇

ပညာရေးဝန်ကြီးဌာန၊ ဘားအံပညာရေးဒီဂရီကောလိပ်၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုသည့် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

ကြိုဆိုပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မောင်တို့၊မယ်တို့သည် တက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာဘွဲ့အသီးသီးကို ရရှိပြီးထားသူများဖြစ်ကြပြီး ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများကို နှံ့စပ်ကျွမ်းကျင်သူများဖြစ်ကြကာ ယခုသင်တန်းတွင် ဆရာအတတ် ပညာ အရည်အသွေး ပြည့်ဝသော ဆရာကောင်း၊ ဆရာမွန်များအဖြစ် သင်ပြနည်းဆိုင်ရာပညာရပ်များကို ထပ်လောင်း လေ့ကျင့်သင်ကြားသွားကြရန် အထူးမှာကြားလိုကြောင်း၊ မိမိတို့၏ ဘဝလမ်းလျှောက်လှမ်းနိုင်ရန်အတွက် တန်းဖိုးရှိလှသော ဆရာ့ဘဝကိုခံယူပြီး ပညာရေးလောကထဲသို့ ဝင်ရောက်လာကြသည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ လက်တွေ့ဘဝနှင့်ပေါင်းစပ်/ဆက်စပ်သင်ယူနိုင် သော၊ စဉ်းစားတွေးခေါ်သင်ကြားပို့ချပေးနိုင်သော ဆရာ၊ဆရာမကောင်းများဖြစ်အောင် ကြိုးစားရင်းဖြင့် စာရိတ္တမဏ္ဍိုင်ခိုင်မာသော ဆရာများဖြစ်အောင် မိမိကိုယ်မိမိ ပြုစုပျိုးထောင်၍ မိမိတပည့်များကိုလည်း စာရိတ္တမဏ္ဍိုင်ခိုင်မာသော နိုင်ငံ့သားကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာ အချက် အလက်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူ တစ်ဦး လျှင် ငွေကျပ်နှစ်သောင်းနှုန်းဖြင့် သင်တန်းသား၊သင်တန်းသူ(၃၃၂)ဦးအတွက် စုစုပေါင်းငွေကျပ် (၆၆)သိန်း(၄)သောင်းကျပ်ကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်ရာသင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ယင်းနောက် သင်တန်းသား၊သင်တန်းသူများက တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ဂုဏ်ပြုဆုများပေးအပ် ချီးမြှင့်ကာ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ် ဆက်၍ အားပေးစကား များပြောကြားခဲ့သည်။

ဘားအံပညာရေးဒီဂရီကောလိပ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လုပ်ငန်းခွင်အကြိုမူလတန်းဆရာ အတတ်ပညာသင်တန်း PPTT (၉/၂၀၂၃) သို့ ကရင်ပြည်နယ်နှင့်ဧရာဝတီတိုင်းဒေသကြီးတို့မှ သင်တန်းသား၊သင်တန်းသူ ၃၃၂ ဦး တက်ရောက်လျက်ရှိပြီး ဇွန်လ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ထိ ပညာရေးဆိုင်ရာဘာသာရပ်များ၊ သင်ရိုးညွှန်းတမ်းနှင့်သင်ပြနည်းဆိုင်ရာလေ့လာမှု ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကာ အခမ်းအနားအပြီးတွင် သင်တန်းသား၊သင်တန်းသူများသည် ဘားအံမြို့၏ အထင်ကရနေရာများဖြစ်သော ဦးပေါက်တံတား နှင့်ဇွဲကပင်အဆင့်မြင့်ပန်းခြံများသို့ သွားရောက်လည်ပတ်လေ့လာခဲ့ကြကြောင်း သိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းမှ EC၊ CEC များ၊ ညီနောင်အသင်းများအား တွေ့ဆုံသည့်အခမ်းအနားကို ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိရာတွင် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်၍ တင်ပို့ရောင်းချပြီး အခြားစီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်၏ ကုန်သွယ်မှုအနေအထားအရ သွင်းကုန်လျော့ချ၍ ပို့ကုန်မြှင့်တင်နိုင်ရန်လိုအပ်ပြီး ဒေသထွက် ကုန်ကြမ်းများကိုအခြေခံသည့် သွင်းကုန်အစားထိုး ကုန်ပစ္စည်းထုတ်လုပ်မှုများကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ ထုတ်ကုန်များပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက် ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းနှင့်ညီနောင်အသင်းများမှ အမှန်တကယ်ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်မှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းရှင်များအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်နှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက MSMEs လုပ်ငန်းများရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို သက်ဆိုင်ရာ ဌာနအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြပြီး တွေ့ဆုံပွဲသို့တက်ရောက်လာသော ကုန်သည်စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်များအသင်း စုစုပေါင်း အသင်း ၃၀ မှ တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားသည်။

ယင်းနောက် မြဝတီနယ်စပ်သယ်ယူပို့ဆောင်ရေးနှင့်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ မိုခါမုန်တိုင်း ဘေးသင့်ပြည်သူများအတွက် ငွေကျပ်သိန်း(၅၀)ကို ပေးအပ်လှူဒါန်းရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)