ဖြူး ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ဖြူး-အုတ်ဖြတ်-မုန်းလမ်းမပေါ်တွင် လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဖြူးမြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
ထိုသို့ လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မိုးရေစိမ့်ဝင်နိုင်မှုမရှိရေး လမ်းအနိမ့်အမြင့်ဖြေ၍ ကတ္တရာရေပိတ်လွှာလောင်းခြင်းလုပ်ငန်းကိုဆောင်ရွက်ရာတွင် ဖြူး-အုတ်ဖြတ်-မုန်းလမ်းမပေါ်ရှိ ၃/၄ မိုင်မှ ၃/၆ မိုင်လမ်းအပိုင်း လမ်းအရှည်(၂)ဖာလုံ၊ လမ်းအကျယ်(၁၈)ပေအား လမ်းပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေကျပ်(၁၇.၅)သန်းဖြင့် ဆောင်ရွက်ပြီးစီးသွား၍ ကျန်ရှိသည့်လမ်းအပိုင်းများအား ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါလမ်းမှာ စစ်တောင်းမြစ်အနောက်ဘက် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ မြို့/ရွာများနှင့် စစ်တောင်းမြစ်ကူးတံတားကိုဖြတ်၍ စစ်တောင်းမြစ်အရှေ့ဘက်ရှိ ဒေသများကို အလွယ်တကူသွားလာနိုင်သည့် လမ်းတစ်လမ်းဖြစ်ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)