ပခုက္ကူမြို့၌ အသက် ၂ လမှ ၁၈ လအအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင် စုစုပေါင်း နှစ်ထောင်ရှစ်ရာကျော်တို့အား ပုံမှန်ကာကွယ်ဆေးထိုးနှံပြီးစီး

ပခုက္ကူ ဇွန် ၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ကလေးငယ်များကို ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို လစဉ်ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြရာ ယနေ့အထိ အသက် ၂ လမှ ၁၈ လအတွင်း ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်စုစုပေါင်း နှစ်ထောင်ရှစ်ရာကျော်တို့အား ပုံမှန်ကာကွယ်ဆေး ထိုးနှံပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက ပခုက္ကူမြို့၊ ဒေသန္တရကျန်းမာရေးဌာနခွဲ (၁) နှင့် (၂) တို့၌ ၂၀၂၃ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှစတင်ပြီး အသက် (၂) လမှ (၁၈) အတွင်း ကလေးငယ်များအား ဘီစီဂျီ၊ ပိုလီယို၊ ဝက်သက်-ဂျိုက်သိုး၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) နှင့် ဦးနှောက်အမြှေးရောင်ရောဂါများ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရာ ဇွန်လ ၇ ရက်နေ့အထိ ကလေးငယ် (၂၇၅၁) ဦး၊ ကိုယ်ဝန်ဆောင် မိခင် (၁၄၄) ဦး၊ စုစုပေါင်း (၂၈၉၅) ဦးတို့အား ပုံမှန်ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ကြောင်း၊ မြို့ပေါ်ရပ်ကွက်များသာမက ကျေးရွာအုပ်စုများတွင် ဆေးထိုးစုရပ် နေရာ သတ်မှတ်ကာ နယ်မြေခံကျန်းမာရေးဝန်ထမ်းများက လစဉ်ပုံမှန် လှည့်လည်ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးမထိုးရသေးသည့် ကလေးငယ်များအား လာရောက်ထိုးနှံပေးကြရန်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ကျန်မာရေးနှင့်ပတ်သက်၍ အလေးထားဆောင်ရွက် ရန်နှင့် ရောဂါလက္ခဏာတစ်ခုခု ဖြစ်ပေါ်လာပါက ဆေးရုံ၊ ဆေးခန်းများတွင် အမြန်ဆုံးသွားရောက်ပြသရန် လိုအပ်ကြောင်းတို့ကို အသိပညာပေး ဆောင်ရွက် ကြကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဘာမီသာ(ပခုက္ကူ)